Myanmar Fruit, Flower and Vegetable

Producer and Exporter Association

SIGN IN
Articles

28/09/2024

ကန်စွန်းဉကို အင်္ဂလိပ်ဘာသာစကား၌ Sweet Potato လို့ခေါ်ပါသတဲ့။ Sweet Potato ကို တိုက်ရိုက်ဘာသာပြန်ရရင် “အာလူးချိုချို”လို့ပဲဆိုရမှာပေါ့။ ဒီလိုမျိုး တိုက်ရိုက်ဘာသာပြန်ကြည့်မိတော့ ကလေးဘဝတုန်းကဖတ်ခဲ့ဖူးတဲ့ မော်ဒန်ကာတွန်းကို သတိရမိတယ်ဗျ။ ကျွန်တော်ငယ်စဉ်ကလေးဘဝ တတိယတန်းတုန်းက တက္ကသိုလ်ဝင်တန်းတစ်ခုမှာ Treasure Island ဆိုတဲ့ဖတ်စာအုပ်ကို ပြဌာန်းခဲ့ပါတယ်။ အဲဒီဝတ္ထုထဲမှာ Long John Silver ဆိုတဲ့ လူဆိုးဇာတ်ဆောင်တစ်ယောက် ပါနေပါတယ်။ ဒီဇာတ်လမ်းကို ကာတွန်းဆရာကြီး ဦးအောင်ရှိန်က သူ့ရဲ့မော်ဒန်ကာတွန်းစာအုပ်မှာ စုံထောက်ကြီးဦးစံရှားနဲ့ သူ့တပည့် ဦးဒိန်းဒေါင်တို့ကိုထည့်သွင်းပြီး ‌ရေးဆွဲခဲ့ပါတယ်။ Long John Silver က ဦးစံရှားနဲ့တွေ့တော့ သူ့နာမည် Long John Silver ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ ဒါနဲ့ ဦးစံရှားက Long John Silver ဆိုတော့ “ရှည်သောငွေဂျွန်ပေါ့” လို့ဘာသာပြန်ပြီးပြောလိုက်ပါတယ်။ အဲဒီအခါမှာ Long John Silver ကဒေါသထွက်ပြီး “သောက်ရမ်းဘာသာမပြန်နဲ့” လို့ပြောကာ ချိုင်းထောက်နဲ့ ပစ်ပေါက်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကန်စွန်းဉထဲမှာတော့ anthocyanin အပြင်၊ တခြားအရောင်ဆိုးဆေးသတ္တိရှိတဲ့ အာဟာရဓါတ်တွေလည်းပါဝင်နေပါတယ်။ သူတို့အားလုံးဟာ ကျန်းမာရေးအတွက် တူညီတဲ့ “ဆန့်ကျင်-‌ရောင်ကိုင်း” အကျိုးကျေးဇူးတွေကို ဖြစ်‌‌ပေါ်စေနိုင်ပါသဗျ။ သိပ္ပံပညာရှင်တွေဟာ ကန်စွန်းဉလို့ခေါ်တဲ့ သစ်မြစ်သစ်ဖုထဲမှာပါတဲ့ ဆန့်ကျင်-ရောင်ကိုင်း ပစ္စည်းတွေဟာ ပိုပြီးအံ့သြစရာကောင်းနေတာကို တွေ့ခဲ့ကြပါတယ်။ တိရစ္ဆာန်တွေကို လေ့လာစမ်းသပ်မှုအရ ကန်စွန်းဉနဲ့ သူ့ထဲပါတဲ့အရောင်ဆိုးဆေးတို့ကိုတော့ စားသုံးခြင်းအားဖြင့် NF-KB နဲ့ iONS တက်ကြွမှုတို့အပြင် Cox-2 ဖွဲ့စည်းမှုကိုပါ လျော့နည်းသွားစေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒီအဖြစ်အပျက်တစ်ခုချင်းစီက မလိုလားအပ်တဲ့ ရောင်ကိုင်းမှုဖြစ်ပေါ်ခြင်းရဲ့ အဓိကအချက်ကို ကိုင်တွယ်ပေးနိုင်ကြောင်း ပြောဆိုနေပါတယ်။ ဒါကြောင့်ရောင်ကိုင်းမှုဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းရေးအတွက် ကန်စွန်းဉရဲ့ သီးရွက်အာဟာရ (Phytonutrients) တွေကို အသုံးချနိုင်ကြောင်း ထင်ရှားနေပါတယ်။ တိရစ္ဆာန်တွေကို စမ်းသပ်မှုအရ ကန်စွန်းဉစားသုံးခြင်းဖြင့် ဦးနှောက်တစ်သျှူးနဲ့ တစ်ကိုယ်လုံးရှိ အာရုံကြောတစ်သျှူးရောင်ကိုင်းမှုများ လျော့ကျသွားကြောင်းတွေ့ရှိခဲ့ပါတယ်။ ပြီးတော့ ကန်စွန်းဉသီးရွက်အာဟာရတို့ရဲ့ “သွေးရည်ကြည်ပရိုတင်း” ပေါ်သက်ရောက်မှုမှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ သွေးရည်ကြည်ပရိုတင်းဟာ သွေးခဲစေဖို့လိုအပ်တဲ့ ခန္ဓာကိုယ်ထဲရှိ အဓိက ကာဗိုဟိုက်ဒြိတ်ပရိုတင်းတွေအနက် တစ်ခုပဲဖြစ်ပါတယ်။ Thrombin ခေါ် သွေးခဲစေတဲ့ဓာတ်ပစ္စည်းတစ်မျိုးရဲ့အကူအညီနဲ့ သွေးခဲတဲ့ဖြစ်စဉ်အတွင်း သွေးရည်ကြည်ပရိုတင်းတို့ဟာ fibrin ခေါ် ကိုယ်တွင်းပရိုတင်းအဖြစ်သို့‌ပြောင်းလဲသွားပါတယ်။ သွေးရည်ကြည်ပရိုတင်း thrombin ခေါ်သွေးခဲစေတဲ့ ဓာတ်ပစ္စည်းနဲ့ Fibrin ခေါ် ကိုယ်တွင်းပရိုတင်းတို့ အညီအမျှရှိနေခြင်းက ခန္ဓာကိုယ်ကျန်းမာရေး၊ ခန္ဓာကိုယ်ရဲ့အနာများကိုပိတ်နိုင်စွမ်းနဲ့ သွေးထွက်ရပ်စေခြင်းတို့အတွက် အခရာကျလှပါတယ်။ မည်သို့ဆိုစေ၊ ဒီသွေးခဲစေတဲ့ မော်လီကျူးတွေများနေရင် ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။ ပုံစံအားဖြင့် သွေးရည်ကြည်ပရိုတင်းနဲ့ fibrin ခေါ် ကိုယ်တွင်းပရိုတင်းတွေများနေမယ်ဆိုရင် ရောင်ကိုင်စေတဲ့မော်လီကျူးတို့ရဲ့ မလိုအပ်တဲ့ယိုစိမ့်မှုတွေဖြစ်လာနိုင်ပါတယ်။ တိရစ္ဆာန်တို့ကို ကနဉီးစမ်းသပ်မှုအရ ကန်စွန်းဉအရောင်ဆိုးဆေးတွေ စားသုံးခြင်းအားဖြင့် ရောင်ကိုင်းမှုလျော့ကျလာ ကြောင်းနဲ့ သွေးရည်ပရိုတင်းအဆင့် တပြိုင်နက်လျော့ကျသွား‌ကြောင်း‌ တွေ့ရှိရပါတယ်။ ကန်စွမ်းဉရဲ့ ဆန့်ကျင်-ရောင်ကိုင်းအကျိုးကျေးဇူးနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ သုတေသနအသစ်တွေကို ဆက်လက်မျှော်လင့်လျှက်ပါပဲ။ လူအတော်များများကတော့ ကစီဓာတ်ကြွယ်ဝလှတဲ့ ကန်စွန်းဉလို သစ်မြစ်သစ်ဖုတွေကို မိမိတို့ရဲ့ သွေးသကြား (ဆီးချို) ထိန်းချုပ်ရေးအတွက် အသုံးမပြုနိုင်တဲ့အစာအုပ်စုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီလိုဖြစ်ရတာက လူအတော်များများဟာ မိမိတို့ရဲ့အစာချေဖျက်ရေး လမ်းကြောင်းမှာ အစာထဲက ကစီဓာတ်တွဟာ သာမန်သကြားအဖြစ် ပြောင်းသွားတယ်လို့ သိထားတာကြောင့်ဖြစ်ပါတယ်။ တကယ်လို့ မိမိတို့စားလိုက်တဲ့အစာဟာ ကစီဓာတ်သိပ်များနေရင် အစာချေဖျက်ရေးလမ်းကြောင်းမှာ သကြားတွေ အလွန်အမင်းဖြစ်ပေါ်လာပါတယ်။ အဲဒီအခါမှာ သူတို့ကိုစုပ်ယူဖို့ သွေးသကြားအဆင့် အလွန်လျင်မြန်စွာ မြင့်တက်လာပါတယ်။ ကန်စွန်းဉတို့ရဲ့ စွဲမက်စရာကောင်းလှပုံကတော့ GI အညွှန်းကိန်း အလယ်အလတ်ရှိနေလင့်ကစား၊ ဆီးချိုရောဂါအမျိုးအစား (2) ရှိနေသူများကိုပင် ဆီးချိုထိန်းချုပ်မှု တိုးတက်အောင် ပြုလုပ်ပေးနိုင်စွမ်းရှိနေခြင်းပဲ ဖြစ်ပါတယ်။ ကန်းစွန်းဉလိုမျိုး GI အညွှန်းကိန်းအလယ်အလတ်ရှိတဲ့ အခြား WHFoods တွေကတော့ သကြားမုန်လာဉ၊ ပြောင်းဖူးနဲ့ တရုတ်ကြက်သွန်တို့ပဲဖြစ်ပါတယ်။ အလယ်အလတ်စားကန်စွန်းဉထဲရှိ အမျှင်ဓာတ် 6.6 gm ဟာ အစာချေဖျက်နှုန်းကို ဟန်ချက်ညီစေတဲ့အတွက် သွေးသကြားထိန်းညှိမှုကို အသေအချာဖြစ်စေပါတယ်။ ခေတ်မီသုတေသနပြုချက်အရ၊ ကန်စွန်းဉဟာ ဆီးချိုအမျိုးအစား (၂) ရှိသူတို့ရဲ့ သွေးထဲရှိ adiponectin ပရိုတင်းဟော်မုန်းအဆင့်ကို သိသိသာသာမြင့်တက်စေကြောင်းလည်းတွေ့ရှိရပါတယ်။ Adiponectin ဟာအင်ဆူလင်ဇီဝရုပ် အဖြစ်အပျက်ကို ပြုပြင်ပြောင်းလဲပေးသူအဖြစ် ဆောင်ရွက်ပေးနိုင်ပါတယ်။ အင်ဆူလင်ဇီဝရုပ် အဖြစ်အပျက် ထိန်းချုပ်မှုနည်းသူတို့နဲ့ အင်ဆူလင် အကဲဆက်မှုမရှိသူတို့ကို adiponectin အဆင့်နိမ့်ကျစေပါတယ်။ ထိုမှတစ်ပါး အင်ဆူလင်ဇီဝရုပ်ဖြစ်အပျက် ပိုကျန်းမာသူတို့ကို adiponectin အဆင့်မြင့်စေပါတယ်။ ကန်စွန်းဉတို့မှာ သွေးသကြားထိန်းညှိမှု အကျိုးကျေးဇူးများရှိနေ သဖြင့် သွေးသကြားထိန်းညှိမှုအတွက် စဉ်းစားနေရသူတို့ပင် ကန်စွန်းဉကို နှစ်ခြိုက်စွာ စားသုံးနိုင်တယ်လို့ သိရှိရကြောင်းပါဗျာ။ နေထွန်း ဖူးပွင့်ဝေ မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၁၀)

see more

20/09/2024

ငှက်ပျောသီးသည် စပျစ်သီးမှလွဲ၍ အသီးလောကတွင် စီးပွားရေးအရ အရေးကြီးသော အသီးဖြစ်သည်။ ငှက်ပျောသီးကို ပြည်တွင်းဈေးကွက်တွင် သာမက ကမ္ဘာ့ဈေးကွက်တွင်းသို့ တင်ပို့ပါက ဈေးကွက်အတွင်းသို့ အနေအထားအကောင်းဆုံးရောက်ရှိရန် ယင်းတို့၏ အသီးမှည့်ခြင်းဆိုင်ရာ သိပ္ပံအမြင်နှင့် နည်းပညာများ အမှန်တကယ် လိုအပ်ပါလမ့်မည်။ ထိုသို့ ဆောင်ရွက်နိုင်ရန် ငှက်ပျောသီးများ၏ အသီးမှည့်ခြင်း ဖြစ်စဉ်တွင် ဇီဝကမ္မပိုင်းဆိုင်ရာ ပြောင်းလဲချက်များကို လေ့လာထားရန် မှာ ရှေ့ဦးလိုအပ်ချက်ဖြစ်သည်။ အသီးများ မှည့်ခြင်းဖြစ်စဉ်တွင် အုပ်စု ၂ မျိုး အထင်အရှားရှိသည်။ ပထမအုပ်စုမှ အသီးများသည် မှည့်ချိန်တွင် ရုတ်တရက် အသက်ရှုနှုန်း မြင့်တက်သော အသီးမျိုးဖြစ်သည်။ အသီးများမှည့်စဉ်ကာလ သို့မဟုတ် ရင့်ပြီးခူးဆွတ်ချိန် နောက်ပိုင်း အသက်ရှူနှုန်း ရုတ်တရက် တက်မလာသောအသီးကို Non Climacteric Fruit ဟု ခေါ်သည်။ အသီးရင်းပြီး ခူးဆွတ်ပြီးရက် အနည်းငယ်အတွင်း အသီးများ အစိမ်းရောင်များ လျော့နည်းပျောက်ကွယ်ပြီ အဝါရောင်-လိမ္မော်ရောင်အဖြစ် ပြောင်းလာသည်။ အသီးအတွင်း ရင့်မှည့်ဟော်မုန်း Ripening Hormone အက်သလင်း Ethylene ဓါတ်ငွေ့ထွက်ပေါ်လာသည်။ အသက်ရှုနှုန်း ရုတ်တရက်မြင့်တက်လာသည်။ ထိုသို့ မြင့်တက်ခြင်းကို Climacteric Rise ဟုခေါ်ပြီး ဆက်လက်မြင့်တက်ရာမှ အသက်ရှူနှုန်း အမြင့်ဆုးကိုကား Climacteric Peak ဟုခေါ်သည်။ ထိုနောက်တွင်ကာ အသက်ရှူနှုန်းများ အမှည့်လွန် အချိန်သို့ရောက်ရှိသွားတော့သည်။ အသီးမှည့်ချိန်ကို အဆင့်ခွဲ၍ သတ်မှတ်ပါက ပထမ အဆင့်မှာ အသက်ရှူနှုန်း မြင့်တက်သည့် အဆင့် Pre climacteric Rise ဖြစ်သည်။ ဒုတိယ အဆင့်မှာကား ရုတ်တရက် အသက်ရှူနှုန်း အမြင့်ဆုံး ရောက်ချိန် Climacteric Peak အချိန်ဖြစ်သည်။ ထိုအချိန်ကာလအတွင်းသည်သာ အသီးမှည့်ခြင်း၏ အကောင်းဆုံး အခြေအနေဖြစ်သည်။ တတိယအဆင့်ဖြစ်သော အဆင့်ကိုကား ကလိုင်မက်ထရစ် နောက်ပိုင်း အဆင့် Post Climacteric Peak ဖြစ်သည်။ ထိုနောက်ဆုံးအဆင့်မှာ အမှည့်လွန် ကာလဖြစ်၍ ဈေးကွက်အတွင်း မျက်နှာပန်းမလှသော အခြေအနေ သို့မဟုတ် ဈေးကွက်သို့ မတိုးနိုင်သော အခြေအနေဖြစ်သည်။ ငှက်ပျောသီးမှည့်များ၏ အကောင်းဆုံး အချိန်ဖြစ်သော မှည့်ချိန်တွင် ဈေးကွက်သို့ အရောက်ပို့နိုင်ခြင်း သို့မဟုတ် ဈေးကွက်အတွင်း ထိုအခြေအနေကို ထိန်းထားရန် လိုအပ်ပါသည်။ အနှစ်သာရ ပြည့်ဝသော မှန်ကန်သည့် အသီးမှည့်ခြင်းဖြစ်စဉ်တွင် လိုအပ်သော ဇီဝကမ္မပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ရှိနေမြဲဖြစ်သည်။ စိမ်းနေသောအသီးများ အစိမ်းရောင် ပျောက်ပြီး ဝါလာရရုံနှင့် ယင်းအခြေအနေကို အသီးမှည့်ခြင်းဟု မဆိုနိုင်ပါ။ အကယ်၍ အသီးမှည့်ခြင်းကို အခြေခံကျကျလေ့လာမိပါက ပြီးပြည့်စုံသော အသီးမှည့်ခြင်းကို ဖြစ်စေရုံမက ထို အခြေအနေကို လိုအပ်သလို ထိန်းထားရာတွင် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။ ၁။ အက်သလင်း ထုတ်လွှတ်ခြင်း မမှည့်သေးသော ငှက်ပျောသီးများသည် ရင့်မှည့်ဟော်မုန်း (အက်သလင်းဓါတ်ငွေ့) ထုတ်လုပ်မှုနည်းသည်။ သို့သော် ခူးဆွတ်ပြီး သိုလှောင်ချိန်အတွင်း၌ပင် အသီးမှ အသက်ရှူနှုန်းမြင့်တက်လာသည်။ အသက်ရှုနှုန်း ရုတ်တရက် မြင့်တက် လာရာမှ (၅) ရက်ခန့်အတွင်း အသက်ရှူနှုန်း အမြင့်ဆုံး အနေအထားသို့ရောက်ရှိ သွားသည်။ အက်သလင်းဖြစ်ပေါ်ခြင်းမှာလည်း အသက်ရှူနှုန်းအတိုင်း ရုတ်တရက်မြင့်တက်ရာမှ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိပြီး အသီးများအမှည့်လွန် ကာလအတွင်း ပြန်ကျသွားမြဲဖြစ်သည်။ ၂။ သီးနှံအရည်အသွေး ငှက်ပျောသီးတစ်ဖီးစီကို အင်္ဂလိပ် ဘာသာဖြင့် လက် (Hand) မှ ခေါ်ပြီး ငှက်ပျောပြီး တစ်လုံးစီကို လက်ချောင်း (Finger) ဟု ခေါ်သည်။ ငှက်ပျောသီး တစ်လုံးစီ သို့မဟုတ် ငှက်ပျောသီး တစ်ဖီးစီတွင် ကျောဖက်နှင့် ရင်ဖက် အရောင် အနည်းငယ်ကွဲနေမြဲဖြစ်သည်။ သို့သော် မှည့်ခြင်းဖြစ်စဉ်သို့ ကူးပြောင်းလဲနှုန်းကို မြင့်စေမည် ဖြစ်သည်။ သိုလှောင်အစာ (ကော်) မှ သကြားအဖြစ်သို့ ဖြိုချရာ ဖြစ်စဉ်အတွက် စွမ်းအင်လိုအပ်ချက် တိုးလာသည်။ ဓါတ်တိုးနှုန်းမြင့်တက်လာသည်။ အက်သလင်း ဖြစ်ပေါ်မှုလည်းတိုးနေသည်။ ဇီဝကမ္မပြောင်း အကူဖြစ်သော အင်ဇိုင်များလည်း နိုးထချိန်ဖြစ်သည်။ သို့သော် အမှည့်လွန်အဆင့် ရောက်သွားသောအခါတွင် သီးခွံ၌ အမည်းရောင်အကွက် များပေါ်လာသည်။ စွမ်းအင်ထုတ်လုပ်မှု လွန်ကဲချိန်တွင် အသီးအတွင်းမှ ရေငွေ့ပျံထွက်လာ နှူန်းမြင့်တက်ချိန်ဖြစ်သည်။ ထို့ကြောင့် အလေးချိန်လျော့ကျလာသည်။ ၄။ အသီး၏ တင်းမာမှု အသီးမှည့်ခြင်း ဖြစ်စဉ်တွင် အသီး၏တင်းမာမှု လျော့ကျလာခြင်းမှာ ဆဲလ်နံရံများ အားလျော့လာခြင်း ကြောင့်ဖြစ်သည်။ အသီးစိမ်းဘဝက အသီးအတွင်းရှိနေသော ကော်များ သကြားအဖြစ်သို့ ကျေပျက်လာခြင်းကလည်း အသီး၏ တင်းမာမျုကိုလျော့ကျစေသည်။ ၅။ အစိုဓါတ်ပမာဏ အသီးမှည့်ဖြစ်စဉ်တွင် သီးခွံအတွင်းမှရေများ အသီးအသားအတွင်းသို့ ရွှေ့ပြောင်းခြင်းကြောင့် အသီးအတွင်း အစိုဓါတ် တိုးတက်လာသည်။ ဆဲလ်နံရံများ အားပျော့ လာချိန်နှင့် လိုက်၍ရေနှင့်ရေဖျော် အာဟာရများကြောင့် အသီး၏ ဆဲလ်နံရံများပို၍ အားပျော့လာသည်။ သီးခွံအတွင်းမှ အစိုဓါတ်များ အသီးအသားအတွင်း ရွှေ့ပြောင်းလာခြင်းကလည်း အခြေအနေကို ပို၍ဆိုးစေသည်။ ရှုံ့လာသော သီးခွံအတွင်းမှ အစိုဓါတ်များ အသီးအသားအတွင်း သို့ရောက်မလာအောင် တားဆီးထားရန် လိုအပ်သည်။ ၆။ အချဉ်ဓါတ် (အက်ဆစ်ဓါတ်) ငှက်ပျောသီးမှည့်ခြင်း ဖြစ်စဉ်အတွက် အက်ဆစ်များ တိုး၍လာသည့် အဓိကအက်ဆစ်များမှ အယ်လစ်အက်ဆစ် Malic Acid စစ်ထရစ်အက်ဆစ် Citric Acid နှင့် အော်ဇာလစ် အက်ဆစ် Oxalic Acid တို့ဖြစ်သည်။ ၇။ ရေပျော်အစိုင်အခဲများ အက်ဆစ်များကြောင့် ကော်များကို ရေပျော်ပြီး သကြားများ ဖြစ်စေခြင်းကြောင့် အသီးများ ပို၍ချိုလာသည်။ အနံ့နှင့် အရသာ ပိုကောင်းလာစေသည်။ ၈။ အသီးကြွေခြင်း အသီးမှည့်ခြင်းဖြစ်စဉ်၏ အဆုံးပိုင်း အမှည့်လွန်ချိန်၏ အဆုံးမျာအသီးကြွေးခြင်း အဆင့်ဖြစ်သည် ငှက်ပျောမျိုးကိုလိုက်ပြီး အသီးကြွေနှုန်းမတူကြပါ။ အချို့ထိုသို့ အမှည့် လွန်ချိန်တွင် အသီးများ (၅) ရာခိုင်နှုန်း အထိကြွေကျသွားသည်။ သာမန်အားဖြင့် အစိမ်းရောင် အနေအထား ရင့်ပြီးသော ငှက်ပျောသီးမှာခူးပြီး ရက်အနည်းငယ်အတွင်း မှည့်ကြမြဲဖြစ်သည်။ ငှက်ပျောသီးများကို စားသုံးသူများ ရှေ့မှောက်တွင် အကောင်းဆုံး အနေအထားဖြင့် ရောက်ရှိရန် အရေးကြီးသကဲ့သို့ ဈေးကွက် စံချိန် အတိုင်းအတာတစ်ခုအထိ အပြင်ပန်းလှသော အနေအထားမျိုးနှင့် ထိန်းထားရန် လိုအပ်သည်။ ထိုကိစ္စအတွက် အခြေခံ လိုအပ်ချက်မှာ ငှက်ပျောသီးများကို မူမှန်စွာ ပြီးပြည့်စုံစွာ မှည့်စေရန်နှင့် ပံ့ပိုးနိုင်ပါက ငှက်ပျောဈေးကွက်တွင် အားသာမှုများ မလွဲမသွေရရှိလာနိုင်ပါသည်။ ဦးဖရက်သိန်းဖေ ဖူးပွင့်ဝေမဂ္ဂဇင်း အတွဲ (၂)၊ အမှတ် (၄)

see more

24/05/2024

လက်ဖက်ရည် (ရေနွေးကြမ်း) သောက်သုံးတဲ့ ဓလေ့ဟာ မြန်မာနိုင်ငံအနှံနီးပါးမှာ တွေ့ရပါတယ်။ လက်ဖက်ရည်၊ ကော်ဖီဆိုင်များမှာ လက်ဖက်ရည်အချိုကို အဓိကထားသောက်ကြပါတယ်။ လက်ဖက်ရည်အချိုလို့ ယခင်ကသုံးခဲ့ကြသော်လည်း ယခုအခါမှာတော့ လက်ဖက်ရည်ချိုဆိမ့်၊ ကျဆိမ့်၊ ပေါ့ကျ၊ ပုံမှန်၊ ချိုပေါ့စသည် လက်ဖက်ရည်နို့နဲ့ သကြားပါဝင်မှု အချိုးအမျိုးမျိုးပေါ် မူတည်ကာ အမည်မှည့်ခေါ်သောက်သုံးနေကြတာကို တွေ့ရပါတယ်။ ဆိုင်များမှာ လက်ဖက်ရည်ကြမ်း (ရေနွေးကြမ်း) ကိုတော့ အခမဲ့သောက်သုံးနိုင်ကြပါတယ်။ ကမ္ဘာပေါ်မှာ လက်ဖက်ရည်ကို Green Tea၊ Black Tea စသည်အခေါ်များ ရှိကြကာ လက်ဖက်ခြောက်အမည်များကိုမျှ စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံနဲ့ဒေသအလိုက် အမည်မှည့်ခေါ်နေကြတာကို တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာရေပြီးလျှင် လက်ဖက်ရည်ကို ဒုတိယအများဆုံး သောက်သုံးနေကြောင်းနဲ့ ကမ္ဘာပေါ်မှာ လက်ဖက်စိုက်ပျိုး ထုတ်လုပ်နေတဲ့ နိုင်ငံ (၃၀) ရှိကြောင်းသိရပါတယ်။ မြန်မာနိုင်ငံမှာလည်း လက်ဖက်ကိုရှေးကာလများ မှပင် စိုက်ပျိုးသောက်သုံးလာခဲ့ကြတာဖြစ်ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ လက်ဖက်များရရှိစေရန်အတွက် ကုန်းမြင့်ဒေသ၊ အေးမြတဲ့ ရာသီဥတုရှိတဲ့ ဒေသများမှာ အများဆုံးစိုက်ပျိုးထုတ်လုပ်ကြပါတယ်။ မြေပြန့်ဒေသများမှာ စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း၊ ထုတ်လုပ်ရရှိတဲ့ လက်ဖက်ခြောက် အရည်အသွေးညံ့ဖျင်းတယ်လို့ဆိုပါတယ်။ လက်ဖက်စိုကတော့ မြန်မာနိုင်ငံရဲ့ထူးခြားတဲ့ စားသောက်ဖွယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ မြန်မာနိုင်ငံမှာသာ ကျယ်ပြန့်စွာ စားသုံးနေကြတာ ဖြစ်ပါတယ်။ လက်ဖက်ရည်သောက်သုံးခြင်းရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုမှုများကို များစွာ ရှာဖွေဖော်ထုတ်ခဲ့ကြပါပြီ။ ထပ်မံလေ့လာတွေ့ရှိထားတဲ့ လက်ဖက်ရည် သောက်သုံးနည်းအလိုက် ကျန်းမာရေးအတွက် အကျိုး၊ အပြစ်ဖြစ်စေနိုင်မှုများကို ရေးသားဖော်ပြလိုက်ပါတယ်။ ဥရောပတိုက် နှလုံးဆိုင်ရာ အဖွဲ့အစည်းမှ၊ ပါမောက္ခ Danchin ဦးဆောင်တဲ့အဖွဲ့မှ ပြင်သစ်လူမျိုး (၁၃၀၀၀) ကို လေ့လာခဲ့ရာ၊ လက်ဖက်ရည် သောက်သုံးခြင်းဖြင့် နှလုံးသွေးကြောများနဲ့ မဆိုင်တဲ့ရောဂါများကြောင့် သေဆုံးရမှုကို (၂၄%) လျော့ကျသွားစေနိုင်တယ်လို့ ဆိုပါတယ်။ လက်ဖက်မှာ အင်တီအောက်ဆီးဒင့် (ခေါ်) ဓါတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းများပါဝင်ကာ၊ အသက်ရှင်သန်ရေးအတွက်များစွာ အထောက်အကူ ပြုစေနိုင်ကြောင်း သိရပါတယ်။ လက်ဖက်ရည်နဲ့ ကော်ဖီတို့ဟာ ယနေ့လူ့အဖွဲ့အစည်းအတွင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်နေရာ၊ လက်ဖက်ရည်နဲ့ ကော်ဖီက ရွေးချယ်သော် လက်ဖက်ရည်ကို ပိုမိုရွေးချယ် သောက်သုံးသင့်ကြောင်း အဆိုပြုသူများလည်း တိုးပွားလာနေပါတယ်။ လက်ဖက်ရည် သောက်သုံးသူများက ကော်ဖီသောက်သုံးသူများထက် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပေါ်မှုတွင် လျော့နည်းစေနိုင်တယ်လို့ ဆိုပါတယ်။ ပြင်သစ် လူမျိုးအမျိုးသားများဟာ လက်ဖက်ရည်ကို ပိုမိုသောက်သုံးကြကြောင်း တွေ့ရပါတယ်။ လက်ဖက်ရည် သောက်သုံးခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါမဟုတ်တဲ့ အခြားရောဂါများဖြစ်မှု အပေါ်သက်သာစေမှုတွင် ဆေးလိပ်သောက်သူများမှာ မသောက်သူများထက်သိသာစွာ ပိုမိုလျော့ကျတာကို တွေ့ရပါတယ်။ ဆေးလိပ်မသောက်သူ အုပ်စုအတွက် လက်ဖက်ရည်ဟာ မသိသာကြောင်း တွေ့ရပါတယ်။ လက်ဖက်ရည် သောက်သုံးခြင်းဖြင့် ကျန်းမာတဲ့လူနေမှုဘဝကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ လက်ဖက် ခူးဆွတ်ရာတွင် အညွန့်နဲ့အရွက်နု အစိတ်အပိုင်းများပါဝင်မှု အခြေအနေ၊ ခူးဆွတ်တဲ့ နည်းစနစ်နဲ့ လက်ဖက်ခြောက်ပြုလုပ်နည်းစဉ်များအရ လက်ဖက်ခြောက်များကို အမျိုးအစားများစွာ ခွဲခြားသတ်မှတ်ခေါ်ဆိုကြပါတယ်။ လက်ဖက်ရည်စိမ်းလို့ခေါ်နိုင်မည့် Green Tea ဟာ သောက်သုံးမှုများလာနေတဲ့ လက်ဖက်ရည် အမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။ လက်ဖက်ရည်စိမ်းသောက်သုံးပေးခြင်းဖြင့် အဝလွန်မှု၊ မှတ်ဉာဏ်ချို့ယွင်းလာမှု၊ အကြောများနာကျင်မှုနဲ့ အင်ဆူလင် (Insulin) အပေါ် ခံနိုင်ရည်ရှိလာမှုတို့ကို သက်သာစေနိုင်ကြောင်းသိရပါတယ်။ လက်ဖက်ရည်စိမ်းမှာ ပိုလီဖိနော (Polyphenols) အုပ်စုမှာပါဝင်တဲ့ Epigallocatechin-3-gallate (EGCG) လို့ခေါ်ကြတဲ့ Catechin ဓါတ်များစွာပါဝင်ပါတယ်။ EGCG ဓါတ်ဟာ အဆီများမှုနဲ့ ဖရပ်တို့သကြား (Fructose) ဓါတ်များမှုကြောင့် ဖြစ်လာရတဲ့ အင်ဆူလင်ကို ခံနိုင်ရည်ရှိလာစေမှုနဲ့ သိမြင်မှု ချို့ယွင်းလာစေမှုတို့ကို လျော့နည်း သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ ဒီစမ်းသပ်မှုကိုတော့ တရုပ်နိုင်ငံ၊ Yanling မှာရှိတဲ့ Northwest A&F University မှ ဒေါက်တာ Xuebo Liu နဲ့ အဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ရှေးခေတ်ကာလများမှ စတင်ကာ လက်ဖက်ရည်ကို သောက်သုံးခဲ့ကြကာ၊ ထိုရောဂါများ သက်သာလျော့နည်း လာစေရန်အတွက် လက်ဖက်ရည်စိမ်းက အကျိုးပြုပေးနိုင်တယ်လို့ ဒေါက်တာ Liu က သုံးသပ်ထားပါတယ်။ လက်ဖက်ရည် သောက်သုံးခြင်းဖြင့် အဝလွန်မှု၊ ကိုယ်အလေးချိန်များလွန်းမှုမှ သက်သာစေနိုင်ကြောင်းကို သိရှိကြပြီး ဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျော့ချစေရရန်အတွက် လက်ဖက်မှ ထုတ်ယူထားတဲ့ ဖြည့်စွက်စာ (Tea Extract Supplement) ကို စားသုံးလာကြပါတယ်။ လက်ဖက်စိမ်းမှ ထုတ်ယူထားတဲ့ ဖြည့်စွက်စာကို ပမာဏများစွာ စားသုံးခြင်းဖြင့် ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးအဖြစ် အသည်းကို အဆိပ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ သို့သော် ဖြည့်စွက်စာများကို မစားမီရက်သတ္တပတ်များစွာ ကြိုတင်ပြီး လက်ဖက်ရည်စိမ်းကို သောက်နေခဲ့ပါက အဆိပ်ဖြစ်မှုကို သက်သာလျော့နည်းစေတယ်လို့ဆိုပါတယ်။ တန်ဆေး လွန်ဆေးဆိုတဲ့ ဆိုရိုးစကားဟာ လက်ဖက်စိမ်းမှ ထုတ်ယူထားတဲ့ ဖြည့်စွက်စာများ စားသုံးမှုများလည်း သတိထားရန် အချက်ဖြစ်ပါတယ်။ လက်ဖက် စိမ်းမှ ထုတ်ယူထားတဲ့ ဖြည့်စွက်စာများကို များစွာ စားသုံးမှုအစား၊ လက်ဖက်ရည်စိမ်းကိုနေ့စဉ် သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ် အလေးချိန်ကို လျော့ကျ ထိန်းသိမ်းပေးစေနိုင်မှာ ဖြစ်ပါတယ်။ လေ့လာမှုအရ တစ်နေ့လက်ဖက်ရည် (၁၀) မှ (၂၀) ခွက်ထိသောက်သုံးသည့်တိုင် အသည်းကို အဆိပ်မဖြစ်စေနိုင်ကြောင်း သိရပါတယ်။ လူတစ်ဦးဟာ လက်ဖက်စိမ်းမှ ထုတ်ယူထားတဲ့ ဖြည့်စွက်စာပမာဏနဲ့ တူညီနိုင်တဲ့ လက်ဖက်ရည် (၁၆) ခွက်ကို တစ်ကြိမ်တည်းဖြင့် မသောက်နိုင်ကြတဲ့အတွက် အသည်းအဆိပ်မဖြစ်စေနိုင်တာဖြစ်ပါတယ်။ လက်ဖက်ရည်နဲ့ တွဲဘက်အသုံးမပြုသင့်တဲ့ ဖြည့်စွက်စာများလည်း ရှိနေတာကို စမ်းသပ်တွေ့ရှိပါတယ်။ သောက်သုံးမိပါက လက်ဖက်ရည်မှာ အဓိကပါဝင်တဲ့ အင်တီအောက်ဆီးဒင့်ဓါတ်ရဲ့ လုပ်ဆောင်မှုကို လျော့ကျသွားစေတယ်လို့ ဆိုပါတယ်။ အဓိကအားဖြင့် သံဓါတ် (Iron) ပါဝင်မှုများတဲ့ အစားအစာများ စားပြီးနောက် လက်ဖက်ရည်သောက်သော် လက်ဖက်မှာပါဝင်တဲ့ အဓိကဓါတ်များဟာ သံဓါတ်နဲ့ ပူးပေါင်းသွားပြီး၊ လက်ဖက်ရည်နဲ့ စွမ်းဆောင်ရည်ကို လျော့နည်းသွားပြီး၊ လက်ဖက်ရည်ရဲ့ စမ်းဆောင်ရည်ကို လျော့နည်းသွားစေတာဖြစ်တယ်လို့ ဆိုပါတယ်။ သံဓါတ်ပါဝင်မှုများတဲ့ အစားအစာများတွင် အမဲသားကဲ့သို့သော အနီရောင်ရှိတဲ့အသားများ၊ အစိမ်းရင့်ရောင်ရှိတဲ့ မုန်လာရွက်၊ အနောက်တိုင်း ဟင်းနုနွယ်လို့ ခေါ်နိုင်မည့် စပီးနက် (Spinch) ပင်များ စသည်တို့ ပါဝင်ပါတယ်။ သံဓါတ်ဟာလည်း ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သံဓါတ်ချို့တဲ့မှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ ရောဂါများစွာရှိနေရာ သံဓါတ်လိုအပ်မှုအရ သင့်တော်တဲ့ ဖြည့်စွက်စာများကို စားသုံးနေကြရတာ ဖြစ်ပါတယ်။ သံဓါတ်ပါဝင်တဲ့ အစားအစာများ၊ ဖြည့်စွက်စာများ စားသုံးပြီးနောက် ချက်ချင်း လက်ဖက်ရည် မသောက်သင့်ကြောင်း သိထားရန်လိုပါတယ်။ အချိန်ခြားပြီးမှသာ လက်ဖက်ရည်ကို သောက်သင့်တာဖြစ်ပါတယ်။ ပူအိုက်တဲ့ နေရာသီကာလတွင် အအေးခံထားတဲ့ လက်ဖက်ရည် (Iced Tea) သောက်သုံးမှု များလာတာကို တွေ့ရပါတယ်။ သို့သော် အအေးခံထားတဲ့ လက်ဖက်ရည်ကို သောက်ခြင်းဖြင့် ကျောက်ကပ်မှာ ကျောက်တည်လာနိုင်ပါတယ်။ အအေးခံထားတဲ့ လက်ဖက်ရည်မှာ အောက်ဇားလိပ် (Oxalate) ဓါတ်ပြင်းအားများစွာ ပါဝင်နေပါတယ်။ အောက်ဇားလိပ်ဓါတ်ဟာ ကျောက်ကပ်ကို ကျောက်တည်စေနိုင်ပြီး ဆီးလမ်းကြောင်းကို ဒုက္ခပေးနိုင်ပါတယ်။ ကျောက်ကပ် ကျောက်တည်ခြင်းရဲ့ အကြောင်းရင်းများထဲမှာ အရည်များစွာ မသောက်ခြင်းလည်း ပါဝင်ပါတယ်။ နွေရာသီမှာ ရေဓါတ်ဆုံးရှုံးမှုမှ ကာကွယ်စေနိုင်ရန် အရည်များများ သောက်သုံးကြရန် လိုပါတယ်။ လူအများစုဟာ ရေအစားကယ်လိုရီပါဝင်မှု နည်းပြီးရေထက် အရသာရှိတဲ့ အအေးခံထားတဲ့ လက်ဖက်ရည်ကို သောက်သုံးကြလေ့ ရှိကြပါတယ်။ လက်ဖက်ရည်ကြမ်းမှာလည်း အောက်ဇားလိပ်ဓါတ်ပါဝင်ပါတယ်။ သို့သော်ပူနေတဲ့ လက်ဖက်ရည်ကို ကျောက်ကပ်မှာ ကျောက်တည်နိုင်တဲ့ ပမာဏထိများစွာ သောက်သုံးလေ့မရှိကြတာကို တွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုတွင် သောက်သုံးတဲ့ လက်ဖက်ရည်ပမာဏရဲ့ (၈၅%) ဟာ အအေးခံထားတဲ့ လက်ဖက်ရည် ဖြစ်ကြောင်းသိရပါတယ်။ အမျိုးသားများက အမျိုးသမီးများထက် ကျောက်ကပ် ကျောက်တညမှု (၄) ဆခန့်ပိုတယ်လို့ ဆိုပါတယ်။ အသက် (၄၀)ကျော်လာသော် ကျောက်ကပ် ကျောက်တည်မှု ပိုဖြစ်လာစေနိုင်ကြောင်း သိရပါတယ်။ သို့အတွက် ကျောက်ကပ်ကျောက်တည် နိုင်ခြေရှိသူများအနေနဲ့ အောက်ဇားလိပ် ဓါတ်ပါဝင်မှုများတဲ့ အစားအစာများကို ရှောင်ရှားပြီး၊ အအေးခံထားတဲ့ လက်ဖက်ရည်ကို လျော့သောက်ကာ ရေကိုသာများများ သောက်သုံးသင့်ကြောင်းပါခင်ဗျား။ ဒေါက်တာစိန်လှဗိုလ် ဖူးပွင့်ဝေမဂ္ဂဇင်း အတွဲ (၂)၊ အမှတ် (၃)

see more

05/03/2024

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တစ်မျိုးဖြစ်သည့် သရက်သီးတွင် အပင်ပိုးမွှား၊ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး ဥပဒေအရ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု၌ ကန့်သတ်ထားသော သီးထိုးယင်၊ အစေ့ထိုးပိုးနှင့် အသားထိုးပိုးကျရောက်ခြင်းအား ကာကွယ်နိုင်မှသာ ပြည်ပသို့ တင်ပို့ရာတွင် အရည်အသွေး ပြည့်မီသော ဈေးကွက်ဝင် သရက်သီးများအဖြစ် ဈေးကောင်းရရှိနိုင်မည် ဖြစ်ပါသည်။ သရက်သီးထိုးယင် (Mango Fruitfly) မြန်မာနိုင်ငံ သရက်စိုက်ပျိုးမှုတွင် အများဆုံးတွေ့ရှိရသော သီးထိုးယင်မျိုးစိပ်များမှာ Oriental Fruitfly (Bactrocera Dorsalis) နှင့် Guava Fruitfly (Bactrocera Correcta) တို့ ဖြစ်ကြသည်။ သီးထိုးယင်သည် သီးကင်းစချိန်မှ ခူးဆွတ်ချိန်အထိ ကျရောက်သည်။ လောက်ကောင်သည် အသီးအတွင်းဝင်ရောက် နေထိုင်စားသောက်သောကြောင့်အသီးများ အရောက်ပျက်ခြင်း၊ ပြုကျခြင်း၊ အနာကွက်များ ဖြစ်ပေါ်ခြင်း၊ အသီးပုံပြောင်းလာခြင်းနှင့် အက်ကွဲခြင်းများ ဖြစ်ပေါ်ကာ ၎င်းအနာများမှ တစ်ဆင့် မှို၊ ဘက်တီးရီးယားများ ဝင်ရောက်ကာ အသီးများ ပုပ်စေပါသည်။ အသီးပုပ်များ အတွင်းတွင် အဖြူရောင်လောက်ကောင်ငယ်များအား တွေ့ရပါသည်။ ဘဝစက်ဝန်းမှာ ဥအဆင့်မှ အကောင်ကြီးရောက်ရန် (၁၂) ရက်မှ (၂၈) ရက် ခန့်ကြာမြင့်တက်သည်။ သီးထိုးယင်မ တစ်ကောင်သည်ဥပေါင်း (၁၂၀၀) မှ (၁၅၀၀) အထိ အုနိုင်သည်။ ယင်မသည်၎င်း၏ ဥထိုးတံဖြင့် သရက်သီးတစ်သျှူးသားအတွင်းသို့ ထိုးသွင်းကာဥများအား အုလေ့ရှိသည်။ သရက်သီးမှည့်များ တွင် ဥအုခြင်းအားပိုမိုနှစ်သက်သည်။ ဥမှထွက်ကာစ လောက်ကောင်ငယ်သည် အသီးပေါ်တွင် ခဏသာနေ၍ လောက်ကောင်ဘဝ အဆင့်(၃) ဆင့်လုံးသည် အသီးအတွင်း ဝင်ရောက်နေထိုင် စားသောက်သောကြောင့် ပျက်ဆီးမှုများသည်။ လောက်ကောင်ဘဝ (၆) ရက်မှ (၁၀) ရက်ခန့် ကြာမြင့်တက်သည်။ ရုပ်ဖုံးအား မြေကြီးအနက် (၂-၆) ပေ တွင် ပြုလုပ်က (၁၀) ရက်ခန့် အကြာတွင် အကောင်ကြီးများ အဖြစ် ထွက်လာသည်။ ယင်အကောင်ကြီးများမှာ အပူချိန်၊ ဆိုထိုင်းဆနှင့် အာဟာရရရှိမှု အပေါ်မူတည်၍ (၄) ပတ်မှ (၈) ပတ်အထိ အသက်ရှင်နေနိုင်သည်။ တစ်နှစ်လျှင် (၈) ကြိမ် မှ (၁၀ ကြိမ် အထိ မျိုးပွားနိုင်သည်။ သရက်အစေ့ထိုးပိုး (Mango Seed Weevil) Sternochetus mangiferae (F.) သရက်စေ့ထိုးပိုးနှင့် ဖျက်ဆီးမှုလက္ခဏာများ သရက်အသားထိုးပိုးနှင့် ဖျက်ဆီးမှု လက္ခဏာများ သရက်စေ့ထိုးပိုးနှင့် သရက်အသားထိုးပိုးသည် မျိုးစု (Genus) အားဖြင့် တူညီကြ၍ မျိုးစိတ် (Species) သာကွဲပြားကြသည်။ သီးကင်းစ ချိန်မှ ဆွတ်ခူးချိန်အထိ ကျရောက်တက်သည်။ ဖျက်ဆီးပုံလက္ခဏာမှာ မျက်စိဖြင့် မြင်ရန်ခက်ခဲ၍ သေးငယ်မဲနက်သော မျဉ်းကွေးပုံသဏ္ဍန် အစက်ကလေးများသော အသီးပေါ်တွင် တွေ့မြင်နိုင်သည်။ ပိုးကျထားသော အသီးသည် အတွင်းပိုင်းပုပ်၍ အစေ့ရွက်များသည် အနက်ရောင်ပြောင်းလာကာ ပုပ်သားသည်ကို တွေ့ရမည်။ အကောင်ကြီးအတွင်းမှ ထွက်လာပါက ထင်ရှားစွာ မြင်သာသည်။ ထိုအပေါက်မှ မှိုရောဂါ ဆက်လက်ကျရောက်နိုင်သည်။ အသားထိုးပိုးသည် သရက်သီးအသားများအား စားသောက်ဖျက်ဆီးသော်လည်း အစေ့အား စားသောက်ရန် ခက်ခဲသည်။ အစေ့ထိုးပိုးသည် အစေ့နုချိန်တွင် စားသောက်ဖျက်ဆီး၍ အစောပိုင်း ကျရောက်တက်သည်။ ဘဝစက်ဝန်းမှာ ဥအုပြီး (၅) ရက် မှ (၁၀) ရက်ခန့် ရက်ကြာလျှင် လောက်ကောင် ဘဝရောက်ရှိသည်။ လောက်ကောင်မှ (၂၀)ရက်မှ (၃၇) ရက်ကြာသောအခါ ရုပ်ဖုံးဖြစ်၍ ရုပ်ဖုံးသည် အသီး (သို့) အစေ့အတွင်း နေထိုင်သည်။ ရုပ်ဖုံးမှ (၇) ရက်ခန့် အကြာတွင် အကောင်ကြီးအဖြစ်ရောက်ရှိသည်။ စုစုပေါင်း ဘဝစက်ဝန်းမှာ (၄၀) မှ (၅၀) ရက်ခန့်ကြာမြင့်တက်သည်။ အကောင်ကြီးသက်တမ်းမှာ တစ်နှစ်ခန့် အသက်ရှင်နေထိုင်သည်။ ဘက်စုံကာကွယ်နှိမ်နင်းနည်းလမ်းများ (၁) သန့်ရှင်းရေးပြုလုပ်ခြင်း ရုပ်ဖုံးများမြေကြီးအတွင်းဝင်၍ ဆက်လက်နေထိုင်သဖြင့် မြေဆွခြင်း၊ မြေပြုပြင်ခြင်းများ ပြုလုပ်ပါ။ ယင်မများ ဥဆက်လက်မအုနိုင်စေရန် မြေပေါ်ရှိ အသီးကြွေ၊ အသီးပုပ်များအား အနည်းဆုံး တစ်ပေခွဲ အနက်တူး၍ မြေမြှပ်ဖျက်ဆီးပါ။ (သို့) ပလက်စတစ်အိတ်အတွင်း ပုပ်ဆွေးအောင်ထားကာမြေဆွေး အဖြစ်သုံးပါ။ တိရစ္ဆာန်အစာအဖြစ်သုံးပါ။ (သို့) ရေနံဆီထည့်ထားသော ရေထဲထည့်၍ ဖျက်ဆီးပါ။ သီးထိုးယင်များ ခိုအောင်း၍ မျိုးပွားနိုင်သောမျိုးရိုင်းပင်များ အားခုတ်ပါ။ (၂) စိုက်နည်းစနစ်ဖြင့် ကာကွယ်ခြင်း အပင်ရိုင်း၊ အပင်အိုများအား ခုတ်တွင် ရှင်လင်းပါ။ ကိုင်းကျပ်၊ ကိုင်းညှပ်များ ဖယ်ရှားပါ။ သီးထိုးယင် ခံနိုင်ရည်ရှိသောမျိုးများအား ရွေးချယ်စိုက်ပျိုးပါ။ သရက်ပန်းစတင်ပွင့်ချိန်မှ (၅၅-၆၅) ရက်အတွင်း (ကြက်ဥအရွယ်) တွင် အသီးအားအိတ်စွပ်ပါ။ ပတ်ဝန်းကျင်ရှိ အခြားလက်ခံပင်များပေါ်တွင် ဘဝစက်ဝန်း ဆက်လက်ရှင်သန်နိုင်သဖြင့် ထောပတ်၊ မာလကာ၊ သင်္ဘော၊ ကြက်ဟင်းခါး၊ ဟင်းသီးဟင်းရွက် စသည့်အပင်တို့နှင့် ရောနှောစိုက်ပျိုးခြင်းမှ ရှောင်ကြဉ်ပါ။ (၃) ဓာတုနည်းဖြင့် ကာကွယ်ခြင်း ထိသေ၊ စားသေပိုးသတ်ဆေး (သို့) မွှားသတ်ဆေး တစ်မျိုးမျိုး (ကလိုပိုင်ရီဖော့စ်၊ မာလာသီယွန်၊ အဘာမတ်တင်၊ ပိုင်ရီဒါဗင်) အားသီးကင်းစ ဝင်ချိန်တွင် ပတ်ဖျန်းပါ။ ပရိုတိန်းအဆိပ်ခဲ (Protein Bait) နှင့် မာလာသီယွန်ဆေး ၁၀% ရောစပ်ပြီး တစ်ပတ်လျှင် တစ်ကြိမ်ပတ်ဖျန်းပါ။ မီသိုင်းယူဂျီနော (Methyl Eugenol) ထောင်ချောက်များအား တစ်ဧကလျှင် (၅) ခုနှုန်းသုံး၍ သီးထိုးယင် အရေအတွက်အား ကင်းထောက်ပြီး ယင်ထီးများအားဖမ်းဆီး၍ အစုလိုက်အပြုံလိုက် ဖျက်ဆီးပါ။ အစေ့ထိုးပိုးသည် ညထွက်ပိုးကောင်ဖြစ်၍ အကောင်ဖမ်းမီးထောင်ချောက် (Ultra Voilet Light Trap) များဖြင့် ပတ်ဝန်းကျင်တွင် အစေ့ထိုးပိုးဦးရေအား ကင်းထောက်ပါ။ အပင်ခြေတွင် Furadan 3G (သို့) Fipronil အားဟင်းစားဇွန်း (၃) ဇွန်းခန့် မြေဆွ၍ အပင်ပတ်လည် ထည့်ပေးပါ။ ခူးဆွတ်ပြီးနောက် လိုက်နာဆောင်ရွက်ရမည့် အချက်များ (၁) ၁၉၉၄ ခုနှစ် USDA မှ စမ်းသပ်တွေ့ရှိချက်များအရ ရေနွေးစိမ်ခြင်း (Hot Water Treatment -HWT) သုံးမည်ဆိုပါက ရေနွေးပူကန် ၄၆ ဒီဂရီစင်တီဂရိတ်တွင် (၆၅-၉၀) မိနစ်ထားခြင်းသည် သီးထိုးယင်ဥများနှင့် လောက်ကောင်များအား သေစေနိုင်ပါသည်။ (၂) ရေနွေးငွေ့ပေးခြင်း (Vapor Heat Treatment -VHT) ပြုလုပ်ပါက ၄၃ ဒီဂရီစင်တီဂရိတ်ထဲတွင် (၆) နာရီထားခြင်းသည် သီးထိုးယင် ဥများနှင့် လောက်ကောင်များအား သေစေနိုင်ပါသည်။ (၃) အအေးပေးခြင်း (Cold Storage) အသုံးပြုရာတွင် သရက်သီးအား သုညဒီဂရီ စင်တီဂရိတ်တွင် (၁၀) ရက် (သို့ ၁.၆၆ ဒီဂရီစင်တီဂရိတ်တွင် (၁၄) ရက် (သို့) ၂.၂၂ ဒီဂရီစင်တီဂရိတ် တွင် (၁၆) ရက် အအေးခန်းထဲတွင် ထားရမည်။ (မှတ်ချက်-သရက်သီးအမျိုးအစားအပေါ်မူတည်၍ အပူချိန်အနိမ့်အမြင့် အပြောင်းအလဲရှိပါသည်။ အာရှနိုင်ငံများဖြစ်သည့် ထိုင်း နှင့် ဗီယက်နမ် စသည့်နိုင်ငံများတွင်လည်း Irradiation (ဓါတ်ရောင်ခြည်ပေးခြင်း)၊ Fumigation (ထုပ်ပိုးနောက်အဆိပ်ငွေ့ပေးခြင်း) စသည့် ကာကွယ်နှိမ်နင်းမှုများအား ပြည်ပနိုင်ငံများသို့ သစ်သီးများ တင်ပို့ရောင်းချရာတွင် ပြုလုပ်လာကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် အခြားပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချမည်ဆိုပါက ဈေးကွက်တွင် အရည်အသွေးမြင့်မားကာ ပိုးမွှားကင်းစင်သော မြန်မာ့ သရက်သီးအဖြစ် ရောင်းပန်းလှစေရန် သရက်တွင် ကျရောက် ဖျက်ဆီးတက်၍ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု၌ ကန့်သတ်ထားသောဖျက်ပိုးအား ကာကွယ်ရန် ဆောင်ရွက်ရမည့် ဘက်စုံကာကွယ်နည်းစနစ်များအား သရက်စိုက် တောင်သူများအလေးထား လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သရက်ဖျက်ပိုး ကာကွယ်နှိမ်နင်းရေးသည် တစ်ဦးတစ်ယောက်ကောင်းနှိမ်နင်းခြင်းမဟုတ်ဘဲ စုပေါင်းလုပ်ဆောင်မှသာ အောင်မြင်နိုင်မည်ဖြစ်သဖြင့် အထက် ဖော်ပြပါဘက်စုံ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများအား အကျိုးရှိစွာ စုပေါင်းဆောင်ရွက်သွားခြင်းဖြင့် သရက်စိုက် တောင်သူများဝင်ငွေ တိုးတက်နိုင်ကြပါစေရန် ရည်ရွယ်၍ ရေးသားလိုက်ရပါသည်။ ဒေါက်တာခင်ခင်မာလာမြင့် (သီးနှံကာကွယ်ရေး) ဖူးပွင့်ဝေအတွဲ (၁) အမှတ် (၈) ၂၀၁၆

see more

27/02/2024

ရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာပြည်အလယ်ပိုင်းဒေသရှိ သရက်ပင်များ ပျက်စီးခြင်းနှင့်ပက်သက်၍ ဟော်မုန်းအမြင် မြန်မာပြည်အလယ်ပိုင်းဒေသ သရက်စိုက်ပျိုးသောနေရာအချို့သို့ သရက်များဖူးချိန်၊ ပွင့်ချိန်တွင်ရောက်ခဲ့သည်။ သရက်ပွင့်ခြင်းနှင့် ပတ်သက်၍ဟော်မုန်းအမြင်ဖြင့် သုံးသပ်လျှင် အဆိုးရောအကောင်းပါ တွေ့မြင်လာသည်။ ထို့ကြောင့် ဝမ်းသာမှုရော၊ စိုးရိမ်မှုပါ ဖြစ်ပေါ်လာခဲ့သည်။ များမကြာမီ ရက်ပိုင်းတွင် ထိုဒေသများ၌ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်သော မိုးသီးများ ကြွေကျမှုကြောင့် သရက်ပင်များ အကြီးအကျယ် ထိခိုက်ပျက်ဆီးခဲ့သည်ကို ကြားသိရသောအခါ ကာယကံရှင်များကဲ့သို့ ဝမ်းနည်းမိပါသည်။ ကျွန်တော်ကိုယ်တိုင် ရာသီဥတု ဖောက်ပြန်မှုကြောင့် စိုက်ပျိုးမြေကို စွန့်ခွာခဲ့ရသည့် အဖြစ်ကို ပြန်လည် သတိရမိသည်။ ထို့ကြောင့်လည်း ကိုယ်ချင်းစာမိပါသည်။ သရက်စိုက်ပျိုးသူများ လုပ်ငန်းပြန်လည် လုပ်ကိုင်နိုင်မည့် အခွင့်အရေးအတွက် ကျွန်တော့အနေဖြင့် အကြံကောင်းများ ပေးလိုသော်လည်း ကောင်းမွန်ပြတ်သားသော အကြံတစ်ခုမျှ ဖြစ်ပေါ်မလာပါ။ ရာသီဥတု ပြောင်းလဲခြင်းကြောင့် လူတို့၏ စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မျုကို ပညာရှင်များနှင့် ဆွေးနွေးသော်လည်း လက်တွေ့အသုံးဝင်မည့်နည်းများကို မတွေ့ခဲ့ရပါ။ အများအားဖြင့် “ကြောင်လည်ပင်းတွင် ခေါင်းလောင်းဆွဲသည့်” အကြံမျာသာ ကြံတွေ့ခဲ့ရသည်။ မော်တော်ကားများတွင် ဂီယာရှိသကဲ့သို့ အပင်များတွင် ဟော်မုန်းရှိနေသည်။ စိုက်ပျိုးသူများအနေနှင့် အပင်ဟော်မုန်းများကို အပင်တို့၏ ကြီးထွားခြင်းကို လှုံ့ဆော်အားပေးသော ပစ္စည်းဟု ယူဆထားကြသည်။ ထို့ကြောင့် အကြီးနှေးသော အပင်များ လျင်မြန်စွာကြီးထွားရန်၊ အပင်ပွားနှုန်းနှေးသော အပင်များကိုမျိုးပွားရန်၊ အချိန်တိုအတွင်း အရေအတွက်များများပွားထုတ်နိုင်ရန် အသုံးပြုကြသည်။ အပင်များ၏ ကြီးထွားမှုန်းကို နှေးကွေးစေသော ဟော်မုန်းကို လူသိနည်းပါသည်။ အပင်များသည် သဘာဝတွင် နွေ၊ မိုး၊ ဆောင်း ကဲ့သို့သော ရာသီအမျိုးမျိုးတွင် ရှင်သန်နေကြရာ ထိုရာသီဥတုများနှင့် သဟဇာတကျစွာ ရှင်သန်နိုင်ရန် သဘာဝက ပံ့ပိုးထားသည်။ အပင်ဟော်မုန်းများသည် မော်တော်ကားဂီယာများကဲ့သို့ ကြီးထွားနှုန်းကို နှေးခြင်း၊ မြန်ခြင်းပြုလုပ်နိုင်သည်။ ရာသီဥတုကောင်းသော အခါများတွင် ကြီးထွားနှုန်းမြန်စေသော ဟော်မုန်းများက လွှမ်းမိုးသော်လည်း ရာသီဥတုခက်ခဲလာသောအခါကြီးထွားနှုန်းကို တန့်သွားစေမည့် ဟော်မုန်းများအားကောင်းလာမြဲဖြစ်သည်။ အပင်ဟော်မုန်းသည် အပင်အတွင်း သဘောဝအလျှောက်တစ်နေရာတွင် ဖြစ်ပေါ်ပြီး အခြားတစ်နေရာသို့ ‌ရွှေ့ပြောင်းပြီးမှ ပမာဏအနည်းငယ်နှင့် ကြီးမားသော ပြောင်းလဲမှုကို ဖြစ်စေသော ဇီဝပစ္စည်းများဖြစ်သည်။ ရာသီတစ်မျိုးမှ တစ်မျိုးသို့ ကူးပြောင်းရာတွင် အပင်ဟော်မုန်းများက ထိုရာသီကတုနှင့် ကိုက်ညီစွာ ရှင်သန်နိုင်ရန် ထိန်းကျောင်းပေးသည်။ ရာသီဥတု ကောင်းသောအခါများတွင် အဓိကလွှမ်းမိုးသော ဟော်မုန်းများမှာ အပင်ကိုနိုးထစေသော၊ ကြီးထွားနှုန်းကို ကောင်းစေသော ဟော်မုန်းများဖြစ်သည်။ ထိုဟော်မုန်းများအနက် စိုင်ထိုကိုင်နင် (Cytokinin) ဟော်မုန်းမှာလည်း တစ်မျိုးဖြစ်သည်။ ဤဟော်မုန်းသည် အဓိကအားဖြင့် ဆဲလ်ကွဲခြင်း Cell Division အတွက် တာဝန်ရှိသည်။ ဆဲလ်ကွဲခြင်းအားဖြင့် ဆဲလ်တစ်ခုမှ နှစ်ခြ ဖြစ်လာသည်။ ထိုဆဲလ် ၂ ခုမှ ၄ ခု ဖြစ်လာသည်။ ဤသို့ဖြင့် အပင်၏ ဆဲလ်အရည်အတွက်နှင့် ဆဲလ်ထုထည်ကို တိုးစေခြင်းအားဖြင့် အပင်ကြီးထွားစေသည်။ ရာသီဥတုကောင်းချိန် ဝန်းကျင်အခြေအနေကောင်းချိန်တွင် အပင်အတွင်းဖြစ်ပေါ်သော ဟော်မုန်းတစ်မျိုးဖြစ်သည်။ ဤဟော်မုန်းနှင့် မတူကွဲပြားသော ဟော်မုန်တစ်မျိုးမှာ (Absiscis Acid (ABA) ဖြစ်သည်။ ဤဟော်မုန်းမှာကား ရာသီဥတု သို့မဟုတ် အပင်ဝန်းကျင်တွင် ဖိစီးမှု (Stress) များ ဖြစ်ပေါ်သောအခါမှ ဖြစ်ပေါ်သော ဟော်မုန်းဖြစ်သည်။ ဖိစီးမှုဆိုရာ၌ ရေနည်းခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ အေးခဲခြင်း၊ ရောဂါပိုးမွှားကျရောက်ခြင်း၊ ဆားပေါက်ခြင်း၊ အဆိပ်အတောက်များဖြစ်ပေါ်ခြင်းတို့ ပါဝင်သည်။ သက်မဲ့များကြောင့် ဖြစ်ပေါ်သော ဖိစီးခြင်းကို အဇီဝဖိစီးမှု (Abiotic Stress) ဟုခေါ်ပြီး ပိုးမွှား၊ ရောဂါ၊ တိရိစ္ဆာန် စသည့် သက်ရှိများကြောင့် ဖြစ်ပေါ်သော ဖိစီးမှုကိုကား ဇီဝဖိစီးမှု Biotic Stress ဟုခေါ်သည်။ အပင်များ အစေ့အညှောက်ပေါ်က်ချိန်၊ ပင်ပိုင်းကြီးထွားချိန် (Vegetative Stage) တွင် ဖိစီးမှုနည်းသော်လည်း သက်တမ်း အသင့်အတင့်ရလာသော လိင်ပိုင်းကြီးထွားမှု အဆင့် (Reproductive Stage) တွင် ဖိစီးမှုတစ်မျိုးမျိုးနှင့် ကြံလာမြဲဖြစ်သည်။ ထို့အပြင် အပင်တွင်း၌ပင် ပင်ပိုင်းမှ လိင်ပိုင်းသို့ ကူးပြောင်းမှုအတွက် (ပန်းပွင့်ရန်အတွက်) ပြောင်းလဲမှုများ ကြုံတွေ့ရသည်။ ထိုအချိန်တွင် ရေနှင့် အခါလိုအပ်မှု ပမာဏတိုးလာသည်။ အခါအမျိုးအစားလည်း ပြောင်းလာသည်။ ဤသို့အပင်အတွင်း ဇီဝပိုင်းဆိုင်ရာ ပြောင်းလဲမှုကိုကား ပညာရှင်များက လိင်ပိုင်းဖိစီးမှု (Reproductive Stress) ဟုခေါ်သည်။ အပင်ကကြုံတွေ့ရသော ဖိစီးမှုများကို ခံနိုင်ရည်ရှိအောင် ဇီဝပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြင့်ဦးဆောင် ပြောင်းလဲရာတွင် ဟော်မုန်းများ၏ ထိန်းကျောင်းမှုက ဦးဆောင်လာသည်။ ဖိစီးမှုမရှိသောကာလတွင် အပင်၏ကြီးထွားခြင်းကို အားပေးသော စိုင်ထိုကိုင်နင် ဟော်မုန်းက ဦးဆောင်သကဲ့သို့ ဖိစီးမှုများဖြစ်ပေါ်လာသောအခါ စိုင်ထိုကိုင်နင် လျော့ကျပြီး အေဘီအေ (ABA) ဟော်မုန်းများ ဖြစ်ပေါ်လာသည်။ ထိုဟော်မုန်းများက အပင်၏ကြီးထွားခြင်းကို ထိန်းချုပ်ပြီး ခက်ခဲသောဝန်းကျင်တွင် အပင်အား မပျက်စီးစေဘဲ ဆီလျော်စွာ ဆက်လက်ရှင်သန်ရန် ထိန်းကျောင်းပေးသည်။ ဖိစီးမှုတစ်မျိုးမျိုး ဆိုးဝါးနေချိန်တွင် ထိုအခြေအနေနှင့် မလိုက်ဖက်သည့် ကြီးထွားနှုန်းမြန်နေပါက ထိုအပင်ပျက်စီးရန် ပို၍ လွယ်ကူနေမည်ဖြစ်သည်။ အပင်၏ကြီးထွားနှုန်းကို ထိန်းချုပ်ထားခြင်းအားဖြင့် ဆိုးသောဝန်းကျင်တွင် ဆက်လက်ရှင်သန်နိုင်မည်ဖြစ်သည်။ ABA မှာ အပင်၏ ကြီးထွားနှုန်းကို တန့်စေရုံမက အခြားသော ဇီဝဆိုင်ရာ ပြောင်းလဲမှုကိုလည်း ဖြစ်စေသည်။ ထိုဇီဝဆိုင်ရာ ပြောင်းလဲမှုများသည်ပင်လျင် ဝန်းကျင်ဖိစီးမှုကို ခံနိုင်ရည်တိုးစေရန် ဖြစ်သည်။ ဖိစီးမှုကာလ လွန်သွားသောအခါတွင် ABA ဖြစ်ပေါ်မှု ကျဆင်းပြီး စိုင်ထိုကိုင်နင်များ ပြန်လည်နိုးထလွှမ်းမိုးလာသည်။ ဤသို့ဖြင့် အပင်များ ပြောင်းလဲနေသော ဝန်းကျင်နှင့် အသားကျအောင် ရှင်သန်နိုင်ရေးအတွက် ဟော်မုန်းများက ထိန်းကျောင်းပေးလျက်ရှိသည်။ မိုးကာလမှ မိုးနှောင်း၊ ဆောင်းဦးသို့ ကူးပြောင်းရာတွင် သဘာဝအလျောက် ရေနည်းလာမြဲဖြစ်သည်။ ဤသို့ရေနည်းခြင်း၊ သို့မဟုတ် ရေဖိစီးခြင်း (Water Stress) ဖြစ်ပေါ်ရာတွင် အချိန်ယူပေသည်။ ရက်အတော်ကြာနိုင်ပါသည်။ ထိုဖိစီးမှုအတွက် အပင်အတွင်းဟော်မုန်းများ ပြောင်းလဲဖြစ်ပေါ်မြဲဖြစ်သည်။ အရွက်များတွင် အချိန်ကြာလာသည်နှင့်အမျှ စိုင်ထိုကိုင်နင်ဖြစ်ပေါ်မှု လျော့နည်းလာသည်။ တစ်ဆက်တည်းတွင် ABA ဟော်မုန်းများ တိုးလာသည်။ တစ်နည်းဆိုသော် ထိုသို့ရေနည်းသည့် ဖိစီးမှုကို ရင်ဆိုင်ရန်အပင်တွင် အချိန်အလုံအလောက်ရှိသည်။ ဤသို့ဖြင့် အပင်များ ရေငန်းပြီးသေဆုံးသည်အထိ ဖြစ်သွားရန်အတော်ခက်စေသည်။ ဤသို့ဖြစ်ရခြင်းမှာ အချိန်ယူ၍ ဖြစ်ပေါ်သော ဖိစီးမှုကို ကြံ့ကြံ့ခံနိုင်စေရန် အခြေအနေတစ်ခု ဖြစ်ပေါ်စေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ‌ဆောင်းနှောင်းနှင့် နွေကာလတစ်လျှောက်လုံးး ရေမရသော အပင်များပင် မိုးပြန်ရွာသောအခါ ပြန်လည်နိုးထမြဲဖြစ်သည်။ တစ်နည်းဆိုသော် အချိန်ယူ၍ ဖြစ်ပေါ်သော ဟော်မုန်းများဖြင့် မှန်ကန်စွာ တုန့်ပြန်နိုင်သည်။ သို့သော မကြာမီက ရုတ်တရက်ပြင်းထန်စွာဖြစ်ပေါ်သော မိုးသီးကြွေမှုကဲ့သို့သော ဖိစီးမှုအတွက် သင့်တင့်သော တုန့်ပြန်မှုကို ပြုနိင်သည့် အပင်ဟော်မုန်းများ အပင်တွင်၌ ဖြစ်ပေါ်ချိန်မရလိုက်ပါ။ တစ်နည်းအားဖြင့် လေးကိုင်းကွေးသည့် အဖြစ်နှင့်မတူဘဲ သစ်စိမ်းချိုးချိုးခံရသကဲ့သို့ဖြစ်သည်။ လေးကိုင်းကဲ့သို့‌ကွေးသော အကွေးမျိုးမှာ ပုံမှန်ပြန်ဖြောင့်နိုင်သော်လည်း အချိုးခံရသော သစ်ကိုင်းမှာ အကောင်းပြန်ဖြစ်ရန် အကြောင်းမရှိပါ။ မိုးသီးများ လွန်ကဲစွာ ကြွေကျပြီး အရွက်များ မိနစ်ပိုင်းအတွင်း ပျက်စီးခဲ့ရသော သရက်ပင်များမှာ ထိုဖိစီးမှုကို တုန့်ပြန်ရန် အချိန်မရလိုက်ပါ။ အပင်များဝန်းကျင်ဖိစီးမှုခံစားနေရသော အချိန်တွင် ကြီးထွားနှုန်းကို တန့်စေသည့် ABA ကဲ့သို့ ဟော်မုန်းကို ပက်ဖျန်းပေးခြင်းအားဖြင့် ထိုဖိစီးမှုကို ခံနိုင်ပြီး ထိုအပင်မျိုးကို အပင်ကြီးထွားနှုန်းကို ကောင်းစေသော စိုင်ထိုကိုင်နင်ဟော်မုန်းအသုံးပြုလိုက်ပါက လုံးဝထိခိုက်ပျက်ဆီး သွားနိုင်ပါသည်။ ထို့ကြောင့် ဖိစီးမှုကာလများတွင် သီးနှံပင်များကို ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိစေရန် ABA ကဲ့သို့ အာနိသင်ရှိသော ဓာတုပစ္စည်းများကို အသုံးပြုကြသည်။ အပင်များရေအရနည်းသောအခါ ထိုသို့ ရေနည်းသည့် ဖိစီးမှုကို ခံနိုင်ရည်ရှိစေရန် ABA ဟော်မုန်းများ ဖြစ်ပေါ်သည်။ ထို ABA ဟော်မုန်းကြောင့် ကြီးထွားနှုန်းကို တန့်စေရုံမက အရွက်များမှ ရေငွေ့ပြန်ခြင်း ဟန့်တားပေးခြင်း Antitransparent ဖြင့် အပင်မှ ရေဆုံးပါးမှုကို လျော့နည်းစေသည်။ နှစ်ရှည်လများ စိုက်ပျိုးခဲ့ရသော သရက်ပင်များကို တူးထုတ်၍ အသစ်ပြန်လည်စိုက်ပျိုးလိုမည် မဟုတ်ပါ။ အကိုင်းများကို သတ်ပြီး အရွက်သစ်၊ အညွန့်သစ်ဖြင့် ပြန်လည်နိုးထရန်ကိုပို၍ လိုလားကြမည် ဖြစ်သည်။ မြန်မာမှုနယ်ပယ္တွင် ဇီးခုတ်လျင်ပျို၊ မကျည်းခုတ်လျှင်အို ဟူသော စကားရှိပါသည်။ သရက်သည် သဘာဝအားဖြင့် မကျည်းနှင့် ပို၍ နည်းစပ်ပါသည်။ နှစ်စဉ်အပင်အတွက် အလင်းရောင်ကောင်းစွာရရန်၊ လေဝင်လေထွက်ကောင်းရန်၊ ရောဂပိုးမွှားများ ခိုအောင်းမှု သက်သာရန် ကိုင်းသင်လေ့ရှိသော်လည်း အကန့်အသတ်နှင့်သာ ပြုလုပ်ရပါသည်။ အကယ်၍ ကိုင်းကြီးများကို ခုတ်မိပါက အပင်မှ နောင်ပုံမှန်ပန်းပွင့်ရန်၊ အသီးသီးရန် အခက်အခဲဖြစ်ပါလိမ့်မည်။ နှစ်ခြားသီး Biannual bearing တက်သော သဘာဝကြောင့် ပို၍အလေးထားရမည့် ကိစ္စဖြစ်သည်။ ထို့ပြင် ကိုင်းသင်ပြီးပြန်ဖြစ်ပေါ်လာသော အကိုင်းများပွင့်နိုင်သီးနိုင်သည်အထိ တွန်းအားများစွာ လိုအပ်လာမည်ဖြစ်သည်။ ရာသီဥတုရုတ်တရက် ပြောင်းလဲမှုကြောင့် မြေပေါ်ပိုင်း အင်္ဂါများ ပျက်စီးခြင်းသာ မဟုတ်ဘဲ မြေအောက်ရှိအမြစ်များလည်း ထိုဖိစီးမှုကို ခံရမည်မှာ မလွဲပါ။ အမြစ်များနှင့် မြေပေါ်အင်္ဂါများ၏ အပြန်အလှန်ဆက်သွယ်မှုကလည်း အပင်တစ်ပင်လုံး၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်သေးသည်။ ကျွန်တော့်အနေနှင့် သရက်စိုက်ပျိုးသူများကို ဆရာလုပ်ရန် မရည်ရွယ်ပါ။ ဝန်းကျင်ဖိစီးမှုဒဏ်ကို ကြီးမားစွာခံရပြီး အရွက်၊ အညွန့်ပြန်လည်ထွက်ပေါ်ရုံနှင့် မပြီးဘဲ ပွင့်သီးရန်အတွက် ခက်ခဲမည့်အခြေအနေကို ဟော်မုန်းအမြင်ဖြင့် သုံးသပ်တင်ပြခြင်းသာဖြစ်ပါသည်။ ကျွန်တော်၏ သုံးသပ်မှုသည် ကျွန်တော်ကိုယ်တိုင် လက်တွေ့စမ်းသပ်မှု (သို့မဟုတ်) အတွေ့အကြုံမဟုတ်သော်လည်း လေးစားထိုက်သော ပညာရှင်ကြီးများ၏ သုတေသနရလဒ်များမှ အခြေခံခြင်းဖြစ်ပါသည်။ မိုးသီးကြွေခြင်း ကဲ့သို့သော ရာသီဥတု ပြောင်းလဲခြင်း၊ ဖိစီးမှုမျိုးကို ရုတ်တရက်ခံစားလိုက်ရသော သရက်ပင်များကို မည်သို့မည်ပုံကုစားခြင်း ပြုလုပ်ပြမည်ဆိုလျှင် စိုက်ပျိုးသူတစ်ဦးစီ၏ အဆုံးအဖြတ်သာ ဖြစ်ပါလိမ့်မည်။ ဦးဖရက်သိန်းဖေ ဖူးပွင့်ဝေမဂ္ဂဇင်း - အတွဲ (၁)၊ အမှတ် (၈) ၂၀၁၆

see more

20/02/2024

သစ်သီးဝလံများမှာ ပါတင်တဲ့ ကာဘိုဟိုက်ဒရိတ်၊ ပရိုတိန်း၊ သတ္ထုဓါတ်များ၊ ဗီတာမင်ဓါတ်များ စတဲ့ အာဟာရ ဓါတ်များဟာ လူသားများ ကျန်းမာရေးအတွက် အထောက်အကူပြုစေနိုင်တဲ့အတွက် ရာသီအလိုက် သစ်သီးဝလံများကို စားသုံးနေကြပါတယ်။ မြန်မာတိုင်းရင်းသားများဟာလည်း အခြားနိုင်ငံများ နည်းတူ အမြဲတန်း စိုက်ပျိုးထွက်ရှိနေတဲ့ သစ်သီးဝလံများနဲ့ ရာသီအလိုက် ထွက်ရှိတဲ့ သစ်သီးဝလံများကို ဖြည့်စွက်စာအဖြစ်၊ သွားရည်စာအဖြစ် စားသုံးကြပါတယ်။ သို့သော် ဥရောပနိုင်ငံများ၊ အမေရိကန် ပြည်ထောင်စုစတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများမှ စားသုံးသူများဟာ သစ်သီးဝလံများရဲ့ အနံ့၊ အရသာများကို ခံစား၊ စားသုံးကြတဲ့ နည်းတူသစ်သီးဝလံများရဲ့ ပုံသဏ္ဍန်၊ အသီးခွံအရောင်၊ အသီးခွံမှာ ဒဏ်ရာအနာများ ကင်းစင်မှုစတဲ့ ပြင်ပ ရုပ်သွင်လက္ခဏာများကိုပါ ကြည့်ရှုခံစားကြပါတယ်။ “မျက်စေ့ဖြင့်လည်းစားကြတယ်” ဆိုပြီး သုံးနှုန်း ပြောဆိုလေ့ရှိပါတယ်။ အသီးမှအသားများရဲ့ ကောင်းစွာရင့်မှည့်မှု၊ အနံ့နဲ့ အရသာ ကောင်းမွန်မှု၊ ပိုးနဲ့ရောဂါများ ကင်းစင်မှုစတဲ့ အချက်များကိုလည်း အလေးထားကြည့်ရှုစားသုံးကြတာကို‌ တွေ့ရပါတယ်။ ဥပမာ ငှက်ပျောသီးများကို အသီးခွံချောကာ အရောင်လှပနေပြီး အနာဒဏ်ရာ ကင်းစင်မှုကို အဓိကထားကြပြီး အသီးမှည့်စ၊ အသားမပျော့မီ စားသုံးကြပါတယ်။ (မြန်မာနိုင်ငံမှာတော့ ငှက်ပျောသီးကို အသီးခွံအရောင် လှပနေမှုမရှိဘဲ အရောင်ညိုမည်း နေပေမယ့် ကောင်းစွာမှည့်ပြီး အသားစတင် ပျော့နေတဲ့ အဆင့်မှာ စားသုံးရန် ပိုမို နှစ်သက်ကြတာကို တွေ့ရပါတယ်)။ သစ်သီးဝလံများတွင် စိုက်ပျိုးဖြစ်ထွန်းရန် လိုအပ်တဲ့၊ ကြိုက်နှစ်သက်တဲ့ရေ၊ မြေ၊ ရာသီဥတု အခြေအနေများ မတူညီကြပါ။ သစ်သီးဝလံများကို အပူပိုင်း၊ အပူလျော့ပိုင်းနဲ့ သမပိုင်းစတဲ့ ဒေသများမှာ အမျိုးအစားများအလိုက် စိုက်ပျိုးထုတ်လုပ် စားသုံးကြပါတယ်။ နိုင်ငံတစ်ခုမှာ စိုက်ပျိုးထုတ်လုပ်ပြီး နောက်အခြားနိုင်ငံများကို တင်ပို့ရောင်းချမှုပုံစံကို အများဆုံး တွေ့ရပါတယ်။ ဥပမာ ဖရဲသီး၊ သခွားမွှေး၊ သရက်သီးစတဲ့ အပူပိုင်းသစ်သီးများကို မြန်မာနိုင်ငံမှာ စိုက်ပျိုးထုတ်လုပ်ပြီး အိမ်နည်းချင်းနိုင်ငံများသို့ တင်ပို့ရောင်းချကြပါတယ်။ (ဖရဲသီးနဲ့ သခွားမွှေးသီးများဟာ ဟင်းသီးဟင်းရွက်အဖြစ် သတ်မှတ်ထားပြီး၊ အသီးစားအဖြစ် သတ်မှတ်ထားလို့ သစ်သီးထဲမှာ ထည့်ဖော်ပြခြင်းဖြစ်ပါတယ်။ သစ်သီးဝလံများကို စိုက်ပျိုးထုတ်လုပ်ပြီး အခြားနိုင်ငံများသို့ တင်ပို့တဲ့အခါ သစ်သီးအမျိုးအစားအလိုက် အသီးအရွယ်အစား၊ အသီးအလေးချိန်၊ အသီးရင့်မှည့်မှုအဆင့် ပိုး၊ ရောဂါများ ကင်းစင်မှုစတဲ့ လိုအပ်တဲ့ အရည်အသွေးများ၊ သတ်မှတ်ထားချက်များနဲ့ ကန့်သတ်ထားချက်များရှိကြပြီး တင်သွင်းတဲ့နိုင်ငံအလိုက် စည်းကမ်းသတ်မှတ်ချက်များ မတူကွဲပြားကြပါတယ်။ သစ်သီးဝလံများ သီးထိုးယင်အန္တရာယ်ကာကွယ်ရန် အိတ်စွပ်ပေးမှု သစ်သီးဝလံများမှာ ကျရောက်ဖျက်ဆီးလေ့ရှိတဲ့ သီးထိုးယင် (Fruit fly) ကာကွယ်နှိမ်နင်းရေးကို နည်းမျိုးစု အသုံးပြုဆောင်ရွက် နေကြပါတယ်။ ပြည်တွင်းစားသုံးမှုထက် ပြည်ပနိုင်ငံများကို တင်ပို့မယ့် သစ်သီးများမှာ သီးထိုးယင် ပါဝင်လာမှာကို သစ်သီးတင်သွင်းမယ့် နိုင်ငံများက အထူးစိုးရိမ်နေကြပါတယ်။ ဒါကြောင့် သစ်သီးများမှာ သီးထိုးယင် မပါစေရန် နိုင်ငံအလိုက်အထူးစည်းကမ်း၊ ဥပဒေများဖြင့် ကြပ်မတ်တားဆီးနေကြတာကို တွေ့ရပါတယ်။ သစ်သီးအမျိုးအစားအလိုက်၊ ကျရောက်တဲ့ သီးထိုးယင် အမျိုးအစားအလိုက်သင့်တော်ကိုက်ညီနိုင်တဲ့ ပိုးသတ်ဆေးများ ပက်ဖျန်းပေးခြင်း၊ မျိုးမပွားနိုင်စေတဲ့ နည်းများကို အသုံးပြုခြင်း၊ မီသိုင်းယူဂျီနောဖြင့် ထောင်ဖမ်းခြင်းစတဲ့နည်းများကို အသုံးပြုနေကြရပါတယ်။ သို့သော် သစ်သီးထဲမှာ ပိုးသတ်ဆေး ဓါတ်ကြွင်းများ မပါဝင်နိုင်ရေးနှင့် သီးထိုးယင်ကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် သီးထိုးယင်မမှဥများ အသီးထဲ မထိုးသွင်းနိုင်မီ သစ်သီးအမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ အသီးကြီးထွားမှုအဆင့်မှာ သင့်တော်တဲ့ အိတ်အမျိုးအစားများကိုသုံးပြီး အသီးများကို အိတ်စွပ်ပေးထားခြင်းဖြင့် လွယ်ကူ ထိရောက်စွာ ကာကွယ်မှု ပေးနိုင်ပါတယ်။ ဒါကိုမခူးဆွတ်မီ အိတ်စွပ်ပေးခြင်း (Pre-harvest bagging) ဆိုပြီး ခေါ်ကြပါတယ်။ အသီးများကို အိတ်စွပ်ပေးခြင်းခြင့် သီးထိုးယင်ကျရောက် ဖျက်ဆီးမျုကို ကာကွယ်ပေးနိုင်တဲ့ အပြင် သစ်သီးများရဲ့ အသီးခွံ အရောင်ညီညာလာစေမှု၊ အရောင်လှပလာစေမှု၊ အခြားသော ပိုးနှင့်ရောဂါများကျရောက်မှုမှ ကာကွယ်ပေးနိုင်မှုများနဲ့အတူ၊ အစေးလောင်ခြင်း၊ နေလောင်ခြင်းများမှလည်း ကာကွယ်‌ပေးနိုင်ပါတယ်။ အချို့ သစ်သီးများမှာ အသီးကြွေမှုနည်းပါးစေရန်လည်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရပါတယ်။ သစ်သီးများ ထိခိုက်၊ ပွန်းပဲ့ဒဏ်ရာ ရမှုများမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ယနေ့အိတ်စွပ်စနစ်ကို အသုးပြုနေကြတဲ့ သစ်သီးဝလံများမှာ သရက်၊ မာလကာ၊ သခွားမွှေး၊ ငှက်ပျော၊ ဆီးသီး၊ စပျစ်သီး၊ ပန်းသီး၊ သစ်တော်သီးနဲ့ လိုက်ချီး၊ လောင်ဂန်သီးများဖြစ်ကြပြီး အခြားသစ်သီးများမှာလည်း အိတ်စွပ်နည်းကို အသုံးပြုလာနေကြတာကို တွေ့ရပါတယ်။ သစ်သီးများကို အိတ်စွပ်ပေးကြရာတွင် အသီးအမျိုးအစားအလိုက်၊ စိုက်ပျိုးသည့် ဒေသများနှင့် စိုက်ပျိုးသည့်ရာသီအလိုက် အိတ်အမျိုးအစား အမျိုးမျိုးကို အသုံးပြုကြတာ တွေ့ရပါတယ်။ အများဆုံး အသုံးပြုနေကြတဲ့ အိတ်တွေကတော့ သတင်းစာစက္ကူ၊ အညိုရောင်စက္ကူ၊ ပလတ်စတစ်အမျိုးမျိုး၊ အပြာရောင်၊ အဖြူရောင်၊ အစိမ်းရောင်ပါဝင်တဲ့ အိတ်များဖြစ်ကြပါတယ်။ လေဝင်ထွက်မှုကောင်းစေရန် အိတ်ဖင်ပိုင်းမှာ လေဝင်ပေါက်များ ဖောက်ပေးထားလေ့ ရှိပါတယ်။ အိတ်အတွင်း အလင်းရောင် မဝင်နိုင်ရန်အတွက် အိတ်အတွင်းဘက်မှာ ကာဘွန်သုတ်၊ ဖျန်းပေးထားတဲ့ ကာဘွန်အိတ်များကိုလည်း အသုံးပြုလာကြတာတွေ့ရပါတယ်။ အသီးကို နေရောင်၊ အလင်းရောင် မရရှိစေရန် ကာကွယ်ပေးထားခြင်းဖြင့် အသီးခွံမှာ ရှိနေတဲ့အစိမ်းရောင် ကလိုရိုဖီးလ်ဖြစ်ပေါ်မျုကို ဟန်တားပေးကာ သစ်သီးအမျိုးအစားအလိုက် အရောင်များဖြစ်ပေါ်စေပါတယ်။ သို့သော် အသီးရင့်မှည့်သော် အသီးခွံမှာ အနီရောင် ခရမ်းရောင်စတဲ့ အရောင်ရင့်များ ဖြစ်လာတဲ့ သစ်သီးမျိုးများမှာ အသီးခွံ အရောင်အမှန်ရရှိစေရန်အတွက် အသီးရင့်လာသော် (ဇီဝကမ္မသဘောအရင့်ရင့်လာမှု) (Physioloigical maturity) စွပ်ထားတဲ့အိတ်များကို သတိထားဖယ်ရှားပေးရန် လိုအပ်မှာဖြစ်ပါတယ်။ အသီးများကို အိတ်စွပ်စိုက်ပျိုး ထုတ်လုပ်နေကြတဲ့ သစ်သီးများ သရက်သီး မြန်မာနိုင်ငံမှာ အသီးများ အိတ်စွပ်ပေးမှုကို သရက်၊ သခွားမွှေးနဲ့ မာလကာသီးများမှာ ကျယ်ပြန့်စွာ အသုံးပြုလာတာကို တွေ့ရပါတယ်။ သရက်သီးအိတ်စွပ်ပေးမှု နည်းပညာကို စိုက်ပျိုးရေးဦးစီးဌာနမှ အထူးသင်တန်းများပေးခြင်း၊ လိုအပ်တဲ့ အိတ်အမျိုးအစားများရရှိနိုင်ရေးကို ကူညီပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ ယနေ့ ပြည်ပတင်ပို့မယ့် သရက်သီးအများစုကို အထူးသဖြင့် ဟောင်ကောင်နဲ့ ဥရောပနိုင်ငံများသို့ တင်ပို့ရန် ရည်ရွယ်တဲ့ သရက်သီးများကို အိတ်စွပ်ပေးလာကြပါတယ်။ သရက်သီး အိတ်စွပ်ပေးကာ သီးထိုးယင် ကာကွယ်ပေးနိုင်မှုကို ယခင်ကာလများမှပင် စမ်းသပ်ဆောင်ရွက်ခဲ့ကြသော်လည်း ကျယ်ပြန်မှုမရှိခဲ့ပါ။ ယနေ့ဈေးကွက် စီးပွားရေးစနစ်ကို ကျယ်ပြန့်စွာ ကျင့်သုံးလာမှုနဲ့အတူ ဈေးကွက်သစ်များရရှိလာစေရေး၊ သရက်သီးအရည်အသေး ပိုမိုကောင်းမွန်လာစေရေး တို့အတွက် သာမန်စက္ကူအိတ်များ အစား၊ အိတ်အတွင်းဘက်တွင် ကာဘွန်လွှာပါသည့် အိတ် အမျိုးအစားများ (ကာဘွန်အိတ်) ကို အသုံးပြုလာကြတာကို တွေ့ရပါတယ်။ ယနေ့ သီးထွက်ရနေကြတဲ့ သရက်စိုက်ခင်း အများစုရှိ အပင်များဟာ အပင်မြင့်များဖြစ်သကဲ့သို့ အပင်အရွယ်ကြီးမားတဲ့ သက်တမ်းရ အပင်ကြီးများ ဖြစ်နေကြပါတယ်။ အပင်ပုံသွင်းခြင်း၊ ကိုင်းဖြတ်၊ ကိုင်းရှင်းခြင်းစတဲ့ စိုက်ပျိုးနည်းစနစ်များကိုလည်း ကျင့်သုံးမှု မရှိခဲ့ကြတဲ့အတွက် အသီးများကို အိတ်စွပ်ပေးရန် အခက်အခဲ ဖြစ်နေပါတယ်။ ယနေ့ ပြည်ပဈေးကွက်ရဲ့ ရရှိနေတဲ့ သရက်သီး ဈေးနှုန်းအရ အိတ်စွပ်လုပ်ငန်း လုပ်ကိုင်ရာတွင် အိတ်ဝယ်ယူကုန်ကျမှုနဲ့ အတူ လုပ်အားခများပါ ပိုမိုကုန်ကျနေခြင်းတို့ကြောင့် သာမန်စိုက်ပျိုးထုတ်လုပ်မှုထက် ထုတ်လုပ်စားရိတ် ပိုမိုကုန်ကျနေကြကာ အိတ်စွပ်စိုက်ပျိုးရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရပါတယ်။ သခွားမွှေး သခွားမွှေး စိုက်ပျိုးထုတ်လုပ်ရေးတွင် အသီးများ အိတ်စွပ်ပေးမှုကို ကျင့်သုံးကြပါတယ်။ အများအားဖြင့် စက္ကူအိတ်များ (သတင်းစာစက္ကူ၊ အညိုရောင်စက္ကူစသည်) ကို အသုံးပြုကြပါတယ်။ အသီးတင်ပြီး ကြက်ဥအရွယ်မှာ အိတ်စွပ်ပေးကြလေ့ရှိကြပါတယ်။ အဓိကရည်ရွယ်ချက်မှာ သီးထိုးယင် ကာကွယ်ရေး၊ အခြားပိုးနဲ့ ရောဂါများမကျရောက်စရန် ကာကွယ်ပေးနိုင်ရေးနဲ့ အသီးပြင်ပ ရုပ်သွင်နဲ့ အသီးခွံ အရောင်လှပ ညီညာလာစေရေးတို့အတွက် ဆောင်ရွက်ပေးကြတာ ဖြစ်ပါတယ်။ မိုးရာသီစိုက် အသီးများကို အိတ်စွပ်ရန်အတွက် မိုးရေကြောင့် မပျက်စီးစေရန် ဆီစိမ်စက္ကူစသည် သို့မဟုတ် သတင်းစာစက္ကူကို (၂) ထပ်ပြုလုပ်သုံးစွဲသင့်ပါတယ်။ သခွားမွှေး အသီးတင်ပြီးနောက် ကြက်ဥအရွယ် ရလာသော် အိတ်စတင်စွပ်ပေးကြပါတယ်။ သခွားမွှေး စိုက်ပျိုးရေးတွင် အိတ်စွပ်ပေးမှုဆိုင်ရာ အခက်အခဲများ မရှိကြောင်းတွေ့ရပါတယ်။ မာလကာသီး မာလကာသီးတွင် သီးထိုးယင် ကျရောက်မှုများပြားပါတယ်။ အထူးသဖြင့် ကီလိုမာလကာခေါ် အလုံးကြီးမျိုးများကို အသီးတစ်လုံးချင်း အိတ်စွပ်ပေးကာသီးထိုးယင်ကျရောက်မှုကို ကောင်းစွာကာကွယ် ပေးနိုင်ပါတယ်။ အသီးတင်ပြီးနောက် အသီးစတင် ကြီးထွားလာချိန်မှစပြီး စွပ်ပေးကြရာ အများအားဖြင့် သတင်းစား စက္ကူအိတ်များ၊ ပလတ်စတစ်အိတ်များကို သုံးကြပါတယ်။ ကြီးထွားလာမည့် အသီးအရွယ်နှင့် သင့်တော်ကိုက်ညီမည့် အိတ်အရွယ်အစားများကို ပြုလုပ်အသုံးပြုကြပါတယ်။ အိတ်စွပ်ပေးခြင်းဖြင့် မာလကာသီး အရောင်ညီညာစေကာ အခြားသော ပိုးနှင့်ရောဂါများလည်း ကင်းစင်စေကြောင်း တွေ့ရပါတယ်။ ဆီးသီး အထူးသဖြင့် ဆီးပန်းသီးခေါ် အရွယ်အစားကြီးမားသည့်မျိုးကို အိတ်စွပ်နည်းဖြင့် စိုက်ပျိုးလာကြပါတယ်။ ယခင်စိုက်ပျိုးနေကြတဲ့ ဆီးကြက်ဥ၊ ဆီးချွန်းစတဲ့မျိုးများကိုမူ အိတ်စွပ်ပေးမှုမရှိကြဘဲ ကျရောက်သည့်ပိုးများကို အဓိကအားဖြင့်ဆေးဖျန်းကာကွယ် နှိမ်နင်းကြပါတယ်။ ဆီးကင်းအရွ်ယ် (အချင်း ၁ လက်မခန့်) မှာစတင်ပြီး အကိုင်းပေါ်ရှိ အဆစ်တစ်ဆစ်တွင် စိတ်ကြိုက်အသီး တစ်လုံးသာချိန်ကာ ကျန်အသီးများကို ခြွေပေးပြီး အိတ်စွပ်ပေးကြပါတယ်။ ပလတ်စတစ်အကြည်အိတ်များကို သုံးလေ့ရှိပါတယ်။ ပလတ်စတစ်အိတ်များကို ဖင်ဘက်တွင် လေဝင်ပေါက် ဖောက်ပေးကာအသုံးပြုကြပါတယ်။ အိတ်စွပ်ပေးခြင်းဖြင့် ဆီးပန်းသီးရင့်မှည့်သော် အရောင်ညီညာလျပစေကာ အသီးအရည်အသွေးလည်း ပိုမိုကောင်းမွန်လာတာကိုတွေ့ရပါတယ်။ ငှက်ပျောသီး ပြည်ပသို့တင်ပို့ရန် ရည်ရွယ်စိုက်ပျိုးသည့် ငှက်ပျောစိုက်ခင်းများတွင် ငှက်ပျောကိုအခိုင်လိုက် အိတ်စွပ်ပေးကြရပါတယ်။ အခြားသစ်သီးများနဲ့ မတူအပြာရောင် သို့မဟုတ် အစိမ်းရောင်အိတ်များ (အများအားဖြင့်ပလတ်စတစ်) ကိုလေပေါက်ငယ်များ ဖောက်ပေးကာ အသုံးပြုကြပါတယ်။ အပြာရောင်အိတ်စွပ်ပေးခြင်းဖြင့် အခိုင်အတွင်းအပူချိန်မြင့်လာစေသော်လည်း နေလောင်မှု မရှိစေကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် အပြာရောင်ဟာ ခရမ်းလွန်ရောင်ခြင် (UV ray) ဝင်ရောက်မှုကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ အသီးတင်ပြီး ငှက်ပျောဖီးများမှ အသီးများကော့လာသည့်အချိန်တွင် အိတ်စတင်စွပ်ပေးကြပါတယ်။ ငှက်ပျောခိုင်များကို အိတ်စွပ်ပေးခြင်းဖြင့် အသီးအထွက်နှုန်း ပိုမိုလာစေသကဲ့သို့ အသီးအရည်အသွေးနှင့် အရသာလည်း ပိုမိုတိုးတက် လာစေပါတယ်။ မြန်မာနိုင်ငံပြည်တွင်းစားသုံးရန် စိုက်ပျိုးနေကြတဲ့ ငှက်ပျောသီးမျိုးများကိုမူ အိတ်စွပ်စိုက်ပျိုးမျု မရှိကြသေးပါ။ ပန်းသီးနှင့်သစ်တော့သီး တရုတ်နိုင်ငံတွင် ပန်းသီးနှင့် သစ်တော့သီးများကိုလည်း အိတ်စွပ်ပေးကြပါတယ်။ ပန်းသီးများကို အသီးတင်ပြီးနောက် အိတ်စွပ်ပေးကာ အသီးအရောင် မပေါ်မီအိတ်ကို ပြန်လည်ချွတ်ပေးရန် လိုပါတယ်။ သို့မှသာ အသီးအရောင် လှပလာစေမှာဖြစ်ပါတယ်။ ပန်းသီးများကို အိတ်စွပ်ပေးခြင်းဖြင့် အသီးခွံအရောင်ပိုမိုပြောင်လက်လာစေကာ အသီးအရသာမှာ ပိုမိုနူးညံ့လာစေပါတယ်။ အသီးခွံအရောင်ဟာ အိတ်မစွပ်ထားတဲ့အသီးများထက် ပိုမိုညီညာစေကာ စားသုံးသူများ၏ မျက်စေ့ကို ပိုမိုဆွဲဆောင် နိုင်စေပါတယ်။ ဒေါက်တာစိန်လှဗိုလ် ဖူးပွင့်ဝေမဂ္ဂဇင်း - အတွဲ (၁)၊ အမှတ် (၈)၊ ဇူလိုင်လ ၂၀၁၆

see more

© 2023 MFVP. All Rights Reserved