ဩဂဲနစ်အစုအဖွဲ့ဖြစ်ပေါ်လာပုံ
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းသည် ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားရှိပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းခွဲ ၁၃ ခုရှိပြီး သီးနှံအစုအဖွဲ့ ၃၁ ဖွဲ့ရှိပါသည်။ ဩဂဲနစ်အစုအဖွဲ့သည် အသင်းဖွဲ့စည်းပြီးနောက် အစောပိုင်းနှစ်များက ဖွဲ့စည်းခဲ့သော ဖရဲသခွား နှင့် သရက် အစုအဖွဲ့ပြီးလျှင် ဖွဲ့စည်းခဲ့သော အစုအဖွဲ့တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဩဂဲနစ် ကဏ္ဍ ဖွဲ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဩဂဲနစ် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ကို ၂၀၀၇ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ပါသည်။ ဩဂဲနစ်အစုအဖွဲ့ကို ဖွဲ့စည်းရန် စတင်အကြံပေးသူမှာ ပါမောက္ခ ဒေါက်တာမြင့်လွင် ဖြစ်ပြီး မြန်မာနိုင်ငံ စိုက်ပျိုးရေး မွေးမြူရေးနှင့် သစ်တော ပညာရှင်အဖွဲ့ ဥက္ကဌ ဒေါက်တာမြင့်သိန်း၊ ဒေါက်တာကျော်သန်း တို့နှင့် တိုင်ပင်၍ ၎င်းပညာရှင်များ၏ လမ်းညွှန်မှုဖြင့် ဩဂဲနစ်အစုအဖွဲ့ ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဩဂဲနစ်အစုအဖွဲ့ ၏ ပထမဦးဆုံး ဥက္ကဌ မှာ ဦးစိုင်းဘဉာဏ် ဖြစ်ပြီး စတင်ဖွဲ့စည်းပြီးကာလ ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံခြေစိုက် Asia Pacific Natural Agriculture Network (APNAN) မှ Mr Yushidosano နှင့်ချိတ်ဆက်၍ ထိုင်းနိုင်ငံ Kusai Farm သို့ ဩဂဲနစ်အစုအဖွဲ့ မှ ဦးဉာဏ်လင်း၊ ဦးနှင်းဦး နှင့် ဦးစိုးသန်းမင်းဒင် တို့သွားရောက်၍ ၃ ရက်တာသင်တန်းတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် အသင်း၏ အကြံပေး ဒေါက်တာကျော်ငြိမ်းအေးက EM ကို အသုံးပြု၍ နာဂစ်မုန်တိုင်းသင့်၍ ကွယ်လွန်သူများ၏ ရုပ်ကျွင်းများကို ထိန်းသိမ်းကာကွယ်ပုံကို စာတမ်းဖတ်ကြားခဲ့ပါသည်။ ထိုအချိန်မှစတင်၍ ယနေ့တိုင် မြန်မာနိုင်ငံတွင် ဩဂဲနစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဩဂဲနစ်အသိပညာပေး သင်တန်းများပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများပြုလုပ်ခြင်းတို့ကို ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်းကောင်း ပုဂ္ဂလိက အဖွဲ့အစည်းများနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ဩဂဲစနစ်ကို ရာနှုန်းပြည့်ကျင့်သုံးသော စိုက်ခင်းများအား အသိအမှတ်ပြုလက်မှတ်ပေးနိုင်ရန် စတင်ဆောင်ရွက်ခဲ့ပါသည်။ ဤဩဂဲနစ်အစီအစဉ်ကို မူလက ဩဂဲနစ်အစုအဖွဲ့မှစတင်အကောင်အထည်ဖော်ခဲ့ပြီး ယခုအခါ ဩဂနစ်ရေးရာကော်မတီမှ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ စတင်ဖွဲ့စည်းသည့် ၂၀၀၈ ခုနှစ်မှစတင်၍ ၂၀၂၃ ခုနှစ်အထိ စိုက်ပျိုးရေးခြံပေါင်း ၅၀ ကျော်ကို ဩဂဲနစ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ခဲ့ပါသည်။
MFVP ဩဂဲနစ်အစီအစဉ်
MFVP ဩဂဲနစ်အစီအစဉ်သည် MFVP ၏ ဝန်ဆောင်မှုများထဲမှတစ်ခုဖြစ်ပြီး အသင်းဝင်များသာမက အသင်းဝင်မဟုတ်သူများအတွက်လည်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ဤအစီအစဉ်မှ ဩဂဲနစ် အသိအမှတ်ပြုလက်မှတ်များထုတ်ပေးသည့်အပြင် စိုက်ပျိုးထုတ်လုပ်သူများအား ဩဂဲနစ်သင်တန်းများပေးခြင်း၊ အသိပညာများဖြန့်ဝေခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ရရှိသော စိုက်ပျိုးရေး ထုတ်ကုန်များအား ဈေးကွက်သို့ရောက်ရှိနိုင်ရန် “Safe Food From Safe Farm” Market ကို အသင်းမှ ဖွင့်လှစ်ပေးလျက်ရှိပါသည်။ အဆိုပါဈေးတွင် ဩဂနစ်၊ GAP၊ သဘာဝနှင့် ဓာတုလွတ်သီးနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် ဆက်စပ်ထုတ်ကုန်များကို ရောင်းချပေးလျက်ရှိပါသည်။
MFVP ဩဂဲနစ် စံချိန်စံညွှန်း
MFVP ဩဂဲနစ် စံချိန်စံညွှန်းသည် နိုင်ငံတကာအသိအမှတ်ပြု IFOAM စံနှုန်းနှင့် ASEAN စံနှုန်းတို့ကို လိုက်နာသော စံနှုန်းတစ်ခုဖြစ်ပါသည်။
ဩဂဲနစ်လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်များ
ဩဂဲနစ်လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်များ သည် လျှောက်လွှာတင်သည့်အဆင့်မှစ၍ လက်မှတ်ရရှိသည်အထိ အဆင့် (၇) ဆင့် ရှိပါသည်။ လုပ်ငန်းစဉ်များကြည့်ရှုရန်