Myanmar Fruit, Flower and Vegetable

Producer and Exporter Association

SIGN IN
Events

18/07/2022

IMS SILVERSEA EXPOSITION CORPORATION ၏ ဖိတ်ကြားချက်အရ ၂၀၂၂ ခုနှစ် ဇွန်လ (၁၀) ရက်နေ့ မှ (၁၂) ရက်နေ့အထိကျင်းပပြုလုပ်သော 9th Edition AGROWORLD MALAYSIA 2022 ပြပွဲသို့ အသင်းကိုယ်စားပြုအဖြစ် ဒုတိယ ဥက္ကဌ ဒေါက်တာမြင့်စိန်နှင့် အသင်းကိုယ်စားပြုပြခန်း (၂) ခန်းအတွက် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သွားရောက်ပြသခဲ့ပါသည်။ ပြပွဲသို့ အာစီယံနိုင်ငံများမှ ကိုယ်စားပြုအဖွဲ့အစည်းများလည်း တက်ရောက်ခဲ့ပြီး အချင်းချင်းအပြန်အလှန် မိတ်ဆက်ခဲ့တင်ပြခဲ့ရာ ဒုတိယဥက္ကဌမှလည်း အသင်းအကြောင်းကို မိတ်ဆက်ခဲ့ပါသည်။ အဆိုပါပြပွဲကို (၃) ရက်တိုင်တိုင်ကျင်းပခဲ့ပပြီး အသင်းသည် Federation Vegetables farmers Malaysia (FVFM) နှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုနှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် သတင်းအချက်အလက်များမျှဝေ၍ အတူတကွပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခဲ့ပါသည်။ ထို့ပြင် ပြပွဲတွင် လက်ဖက်အသင်းမှ မြန်မာ့လက်ဖက်ခြောက်နှင့် လက်ဖက်စိုကို စားသုံးနည်းစုံလင်စွာဖြင့် မိတ်ဆက်ပြသရာ အတိုင်းမသိအောင်မြင်မှုများရရှိခဲ့ပြီး နားလည်မှုစာချွန်လွာလည်းရေးထိုးနိုင်ခဲ့ပါသည်။ ဒုတိယ ဥက္ကဌနှင့် အဖွဲ့သည် ဇွန်လ (၁၃) ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ပြီး ဇူလိုင်လ (၁၈) ရက်နေ့တွင် အသင်းရုံးခန်းသို့ ဒုတိယဥက္ကဌလာရောက်၍ ဥက္ကဌထံ နားလည်မှုစာချွန်လွှာပေးအပ်၍ ပြပွဲတက်ရောက်မှုအခြေအနေများတင်ပြခဲ့ပါသည်။

see more

13/10/2019

တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ရှီအန်းမြို့တွင် ( ၁၁.၁၀.၂၀၁၉ - ၁၃.၁၀.၂၀၁၉)ထိကျင်းပခဲ့သော The 12th China-Shaanxi (Luochuan) International Apple Expo/ International Apple Industry Forum သို့ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်၊ အတွင်းရေးမှူး ဒေါ်နီလာဦး၊ အလုပ်အမှုဆောင် ဦးတင်အောင်၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (ကချင်ပြည်နယ်) အလုပ်အမှုဆောင် ဦးမင်းဇော် နှင့် ရုံးအဖွဲ့မှူး ဒေါ်လှလှမြင့် တို့တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် Business Matching သို့လည်းပါဝင်တက်ရောက်ခဲ့ပြီး၊ ပန်းသီးစိုက်ခင်းများနှင့် ပန်းသီးတန်ချိန် သောင်းကျော်ဆန့်သည့် အအေးခန်း သိုလှောင်ရုံ တွင် သိုလှောင်မှုအဆင့်ဆင့်အတွက် ဆောင်ရွက်မှုများ၊ထုတ်ပိုးမှုစနစ်များကို လေ့လာခဲ့ပါသည်။

see more

22/09/2019

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် မြန်မာနိုင်ငံသစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP)နှင့် Guangxi Pingxiang International Fruit Chamber of Commerce တို့ အကြား နားလည်မှုစာချွန်လွှာ(MOU)ကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ၊ ၂၂ ရက်နေ့တွင် နှစ်နိုင်ငံ အစိုးရအဖွဲ့ တာဝန်ရှိသူများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါ နားလည်မှုစာချွန်လွှာတွင် နှစ်ဖက် အပြန်အလှန် နည်းပညာဖလှယ်ရေး၊ အပြန်အလှန်လေ့လာရေး၊ သစ်သီးဝလံများ အပြန်အလှန် ရောင်းဝယ်ရေးစသည့်အချက်များပါ၀င်သလို၊ သီးနှံများအားလုံးလွှမ်းခြုံလုပ်ကိုင် သွားရန် သဘောတူညီထားခြင်းဖြစ်ပြီး၊ MFVP မှ အတွင်းရေးမှူး ဦးကျော်သူမှ ဦးဆောင်သွားရောက်ခဲ့သည်။ သဘောတူညီထားချက်အရ အရောင်းအဝယ်ပြုလုပ်ရာတွင် ကနဦးအနေဖြင့် နှစ်နိုင်ငံ ရောင်းဝယ် နိုင်သည့် သီးနှံများဖြင့် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်မည့် သီးနှံတစ်ခုချင်းစီအတွက် အရောင်းအဝယ် စာချုပ် (Sale contract) ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် နယ်စပ်ကုန်သွယ်မှု (Border Trade) အပြင် ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းများဖြင့် (Normal Trade) အရောင်းအဝယ်နိုင်ရန် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။ အဆိုပါ ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် MFVP မှ အတွင်းရေးမှူး ဦးကျော်သူ ဦးဆောင်ကာ အဖွဲ့၀င် အသင်းသားများတက်ရောက်ခဲ့ပါသည်။

see more

30/09/2018

စိုက်ပျိုးရေးဦးစီဌာနနှင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်းဆောင်ရွက်သော ပင်းတယနှင့် ဟဲဟိုးမြို့နယ်များမှ စိုက်ပျိုးထွက်ရှိသည့် GAPသီးနှံများ ရောင်းချနိုင်ရန် စျေးကွက်သို့မိတ်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာ (၃ဝ) ရက် နံနက် (၉) နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ရွာသစ်ရပ်ကွက်ရှိ DiamondQueen ခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ အတွင်းရေးမှူးဦးမိုးဇော်နိုင်မှ အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအေးကိုကိုကGAP အကြောင်းနှင့် ဌာနမှ ဆောင်ရွက်နေသည့် ကဏ္ဍများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဌဦးစိုးသန်းမင်းဒင်က မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်မှုနှင့်တင်ပို့ရောင်းချရေးဆိုင်ရာကိစ္စရပ်များနှင့် အသင်း၏ ဆောင်ရွက်ချက်များကိုရှင်းလင်းပြောကြားသည်။ ပင်းတယမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးညီလေးချမ်းနှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်မမလေးတို့ကGAPသီးနှံစိုက်ပျိုးရေးဆိုင်ရာများနှင့် စျေးကွက်ဆိုင်ရာတို့ကိုရှင်းလင်းပြောကြသည်။ ထို့နောက် City Mart Holding co.Ltd မှ ဒေါ်ဇာလွင်မိုးနှင့် Metro Wholesale Myanmar မှ ဒေါ်အိသန္တာသိန်းတို့ ကမိတ်ဆက်စကားပြောကြားသည်။ဆက်လက်၍ City Mart Holcling co.Ltd နှင့်ဓနုရိုးမ Co.Ltd တို့ပူးပေါင်း၍ GAP သီး နှံများ ရောင်းဝယ်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာအားတာဝန်ရှိသူတို့က လက်မှတ် ရေးထိုးကြသည်။ ထို့နောက်ဒေသခံတောင်သူတစ်ဦးကကျေးဇူးတင်စကားပြောကြားပြီးစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။ စီမံကိန်းဆိုင်ရာအချက်အလက်များ ============= ရေရှည်တည်တံ့ခိုင်မြဲသည့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အစားအစာအရည်အသွေးဆိုင်ရာ ပဏာမဆောင်ရွက် ချက်စီမံကိန်း (SAFI)ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံသစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) နှင့် ဂျာမဏီနိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး၊ ပင်းတယမြို့နယ်၊ ဟဲဟိုးမြို့ နယ်များမှ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းကာ အစားအစာဘေးအန္တရာယ်ကင်းရှင်းသည့် စိုက်ပျိုးသီး နှံများကို ထုတ်လုပ်နိုင်ရန် ပံ့ပိုးကူညီသည့် စီမံကိန်းဖြစ်ပါသည်။ စီမံကိန်းကာလမှာ ၁.၉.၂၀၁၈ခုနှစ်မှ စတင်ကာ ၃၁.၈.၂၀၂၀ ခုနှစ် အထိကြာမြင့်မည်ဖြစ်ပြီး ပင်းတယမြို့နယ်တွင် စီမံကိန်း၀င် တောင်သူ ၁၈၁ ဦး၊ စိုက်ပျိုးဧက ၂၄၀ ဒသမ ၅ ဧကနှင့် ဟဲဟိုးမြို့နယ်တွင် စီမံကိန်း၀င် တောင်သူ ၁၉ ဦး၊ စိုက်ပျိုး ဧက ၁၁၉ ဒသမ ၆၅ ဧကတို့၌ စီမံကိန်းအကောင်အထည် ဖော်ခြင်းဖြစ်ပါသည်။ စီမံကိန်း၀င်သီးနှံများမှာ ပင်းတယမြို့နယ်တွင် ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ရွှေပဲသီး၊ မုန်ညှင်းဖြူ ထုပ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးသီးနှံတို့ကို စီမံကိန်း၏ ပထမကာလတွင် ကူညီပံ့ပိုးပေးခဲ့သလို၊ စီမံကိန်း ဒုတိယကာလတွင် ငရုတ် (ချို)၊ ငရုတ် (စပ်)၊ ငရုတ် (ပွ)၊ ဖရုံသီး၊ ပဲမျိုးစုံ၊ မုန်ညှင်းစသည့်သီးနှံများကို ဆောင်ရွက်ခဲ့ ပါသည်။ အလားတူ ဟဲဟိုးမြို့နယ်တွင် အာလူးနှင့် ဂျင်းသီးနှံများကို ပံ့ပိုးဆောင်ရွက်နေပါသည်။ စီမံကိန်း၏ ရည်မှန်းချက်မှာ စီမံကိန်းတွင်ပါ၀င်သည့် မိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တောင်သူ များ၏ လုပ်ကိုင်နိုင်စွမ်းအားများကို မြှင့်တင်ပေးခြင်း၊ နိုင်ငံတော်အဆင့်၊ ပြည်နယ်/တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့်၊ အလွှာအသီးသီးမှ ချဉ်းကပ်ဆောင်ရွက်ပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရန် ဂျီအေပီနည်းစနစ် များဖြင့် ပြောင်းလဲလုပ်ဆောင်ကာ စျေးကွက်သို့ ၀င်ရောက်နိုင်ရန်ဆောင်ရွက်ပေးခြင်း၊ အမျိုးသမီးများ၏ ပါ၀င်လုပ် ကိုင်နိုင်မှုအခန်းကဏ္ဍကို မြှင့်တင်ပေးခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေသည့် ဒေသများရှိ တောင်သူလယ်သမား များ၏ လူနေမှုဘ၀တိုးတက်လာစေရန်မြှင့်တင်ပေးခြင်းတို့ဖြစ်ပါသည်။

see more

15/08/2018

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်ပတ်လည်အစည်းအဝေးအပြင် အသင်းမှ အဖွဲ့ချုပ်အဖြစ် တိုးမြှင့်ဆောင်ရွက်ရန် အစီအစဉ် များနှင့် မြန်မာ့ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှု ကွင်းဆက်ပိုမိုအားကောင်းလာစေရေးအတွက် ညီနောင် အစုအဖွဲ့များနှင့် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအစီအစဉ်များကို ဆွေးနွေးရန် “ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် အစည်းအဝေး (၂၀၁၈) နှင့် မြန်မာ့သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု ဖွံ့ဖြိုးတိုး တက်ရေး ဆွေးနွေးပွဲ” ကို ၂၀၁၈ ခုနှစ် သြဂုတ်လ (၁၄) နှင့် (၁၅) ရက်များတွင် UMFCCI မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပြီး အသင်း၏နာယကကြီး ဦးတင်နိုင်သိန်း၊ အကြံပေးပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ ညီနောင်စုအဖွဲ့များမှ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် အသင်းရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ သစ်သီးဝလံအသင်း အတွင်းရေးမှူးအဖွဲ့မှ ၂၀၁၇ နှစ်ပတ်လည် အစီရင်ခံစာနှင့် အဖွဲ့ချုပ်အဖြစ် ဆောင်ရွက်နေမှု အခြေအနေများ၊ ဘဏ္ဍာရေးအခြေအနေများ၊ အဖွဲ့ချုပ်ရေရှည် ရပ်တည်နိုင်ရေးအတွက် လိုအပ်မည့် အစီအမံများကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာညီနောင် အစုအဖွဲ့ အသီးသီးမှလည်း မိမိတို့အစုအဖွဲ့အလိုက် အသင်းသားအခြေနေ၊ ရံပုံငွေအခြေအနေ၊ ဖွဲ့စည်းပုံနှင့် လှုပ်ရှားဆောင်ရွက်မှုများ၊ အားသာချက်နှင့် အားနည်းချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့အပြင် သီရိမင်္ဂလာ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်လက္ကားဈေးမှ လည်းကောင်း၊ မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် မှလည်းကောင်း၊ ဟင်းသီးဟင်းရွက်/သစ်သီးဝလံ ရောင်းဝယ်မှုအခြေအနေများနှင့် Myanmar Agro Exchange Public Ltd မှလည်း ဒညင်းကုန်း သစ်သီးဝလံ လက္ကားဈေး ရောင်းဝယ်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ တင်ပြဆွေးနွေးချက်များအပေါ် နာယကကြီး ဦးတင်နိုင်သိန်း၊ အသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင် နှင့် DICA နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တို့က ပြန်လည်အကြံပြု လမ်းညွှန်ဆွေးနွေးပေးရာ လက်ရှိဖွဲ့စည်းပုံမှာ လမ်းကြောင်းမှန်ပေါ်ရှိနေပြီး ပြန့်ကျဲမှုများကို စနစ်တကျပြန်လည်စုစည်း ရမည့်အချိန်ဖြစ်ကြောင်း၊ တိုင်းနှင့်ပြည်နယ် (၁၁) ခုတွင် သစ်သီးဝလံအသင်းများ ဖွဲ့စည်း ဆောင်ရွက်နေပြီး သီးနှံညီနောင် အစုအဖွဲ့ (၃၂) ဖွဲ့အနက် တချို့မှာလည်း နေရာဒေသ အသီးသီး၌ စွမ်းဆောင်ရည်အမျိုးမျိုးဖြင့် လှုပ်ရှားဆောင်ရွက်နေကြရာ ပိုမိုစနစ်တကျ ဆောင်ရွက်လာနိုင်ရန် သစ်သီးဝလံအသင်း (အဖွဲ့ချုပ်) အနေဖြင့် Structure Reform ပြန်လည်ပြုလုပ်ရမည့် အချိန်ကာလရောက်နေပြီဖြစ်ကြောင်း၊ စုပေါင်းဝယ်ယူခြင်း၊ ရောင်းချခြင်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအတွက် ပုဂ္ဂလိက ကုမ္ပဏီများ အတွက် အများပိုင် ကုမ္ပဏီသော်လည်းကောင်း ဖွဲ့စည်း၍ ဆောင်ရွက်သင့်ကြောင်း၊ အသင်း/အဖွဲ့ချုပ်၏ မဟာဗျူဟာနှင့် စီးပွားရေး Model ကို ကျွမ်းကျင်ပညာရှင်များနှင့် သုံးသပ်၍ ပြန်လည်ရေးဆွဲသင့်ကြောင်း စသည့် အသင်းသားရေးရာကိစ္စများကို ဆွေးနွေးအကြံပြုခဲ့ပါသည်။ သစ်သီးဝလံ ကဏ္ဍတွင်လည်း ထုတ်လုပ်မှုစရိတ်မြင့်တက်နေခြင်းကိစ္စ၊ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သောစိုက်ခင်းများ၌ ကျွမ်းကျင်လုပ်သား ရှားပါးလာသည့်ကိစ္စ၊ နိုင်ငံခြားသားများ တရားမဝင်လာရောက်စိုက်ပျိုးခြင်းနှင့် စိုက်ပျိုးရေး ထွက်ကုန်များ တရားမဝင် တင်သွင်းမှုများနှင့် Value Added ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ရေးနှင့် သစ်သီးဝလံ SME များ ကဏ္ဍ၊ GAP ဈေးကွက် (သို့) အရည်အသွေးမြှင့်သစ်သီးများရောင်းချရေးနှင့် ပို့ကုန်ဈေးကွက်ဆိုင်ရာကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

see more

27/10/2017

မြန်မာ့ကျွဲကောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲအား ၂၇.၁၀.၂၀၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ အဇင်းစိုက်ပျိုးရေးခြံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်စိုက်ပျိုးရေးဝန်ကြီး ဦးထွန်းဋ္ဌေး၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကျွဲကောစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အသင်းဝင်များအပါအဝင် စုစုပေါင်း(၈၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် MFVP အသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင် တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျွဲကောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်ရေးအတွက် လက်ရှိဖြစ်ပေါ်နေသည့် ကျွဲကောစိုက်တောင်သူများ၏ အခက်အခဲနှင့် စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များ၊ ပြည်ပပို့ကုန်မြှင့်တင်ရန်အတွက် မျိုးကောင်းမျိုးသန့်ကျွဲကောမျိုးများ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။ တက်ရောက်လာသည့် ကျွဲကောစိုက် တောင်သူများမှ မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ မုဒုံနှင့် ရေးမြို့နယ်များတွင် ကျွဲကောဇုန်များ တည်ထောင်ပြီး အဆိုပါ စိုက်ပျိုးရေးဇုန်များကို GAP စနစ်ဖြင့် ပြည်ပ ပို့ကုန်အလားအလာရှိသည့် ကျွဲကောမျိုးများအား တစ်စုတစ်စည်းတည်း စိုက်ပျိုး တည်ထောင်သွားရန်၊ ဒေသနှင့် ကိုက်ညီသည့် ဈေးကွက်ဝင် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးသွားရန်၊ ပုဂ္ဂလိက ဥယျာဉ်ခြံများ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်သွားရန်၊ လက်ရှိ ကျွဲကောခြံများ အဆင့်မြင့်တင်ရန်နှင့် အသစ် ထပ်မံ စိုက်ပျိုးမည့် ခြံများအတွက် လိုအပ်သည့် စိုက်ပျိုးထုတ်လုပ်စရိတ်များအား နှစ်လတ်၊ နှစ်ရှည် ချေးငွေများ ရရှိရေး ဆောင်ရွက်သွားရန်၊ ထွက်ရှိလာသည့် သီးနှံများအား စနစ်တကျ ထုတ်ပိုးသွားနိုင်ရန်နှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန် စသည့် အချက်များအား ပြည်နယ်အစိုးရသို့ တင်ပြနိုင်ရေးအတွက် အသေးစိတ်ဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ပါသည်။

see more

© 2023 MFVP. All Rights Reserved