|

မြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်

စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း

အကောင့်၀င့်ရန်
ဆောင်းပါးများ

23/11/2024

ကမ္ဘာ့စိုက်ပျိုးရေး ရေစီးကြောင်းကို လေ့လာလျှင် ထင်ရှားသောစိုက်ပျိုးရေးစနစ်ကြီး (၄) မျိုးကို တွေ့ရမည်ဖြစ်သည်။ စိုက်ပျိုးရေးစနစ် တစ်ခုစီ၏ရည်ရွယ်ချက် အနှစ်သာရများကိုလည်း လေ့လာပြီး ထိုစိုက်ပျိုးရေးစနစ်များ တစ်ခုနှင့်တစ်ခုကြား မတူကွဲပြားမှုများကို လေ့လာနိုင်ပါသည်။ စိုက်ပျိုးရေးစနစ် တစ်ခုစီ၌ မတူကွဲပြားသော အခြေခံများရှိသော်လည်း ဤဆောင်းပါ၌ ရှည်လျားပြီး ဘေးထွက်သွားမည်ကို စိုး၍ မတင်ပြတော့ပါ။ ဓါတ်မြေဩဇာများ Chemical Fertilizer နှင့် ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ အပင်ဟော်မုန်းနှင့် အခြားမျိုးမည် မဖော်ပြနိုင်သော ဓါတုပစ္စည်းများကို စိုက်ပျိုးရေးသုံးဓါတုဆေးဝါးများ Agrochemical ဟူသော ခေါင်းစဥ်အောက်တွင် ထားရှိပါသည်။ ရှေးအကျဆုံး စိုက်ပျိုးရေးစနစ်ဖြစ်သည်။ ရိုးရာစိုက်ပျိုးရေး Traditional Agriculture ကို ဓါတ်မြေဩဇာများနှင့် စိုက်ပျိုးရေးသုံး ဓါတုဆေးဝါးများ မသိသော စိုက်ပျိုးရေးဟုခေါ်နိုင်ပါသည်။ ခေတ်မီစိုက်ပျိုးရေးစနစ် (Modern Agriculture) ကိုကား ဓါတ်မြေဩဇာ နှင့် စိုက်ပျိုးရေးသုံးဓါတုဆေးဝါးများကို အရေးထားပြီး များများအသုံးပြုသော စိုက်ပျိုးရေးစနစ်ဟု ဖော်ပြနိုင်ပါသည်။ တတိယစနစ်ဖြစ်သော ရေရှည်ခံစိုက်ပျိုးရေးစနစ် (Sustainable Agriculture) ကိုကား ဓါတ်မြေဩဇာ နှင့် စိုက်ပျိုးရေးသုံးဓါတုဆေးဝါးများကို ဆင်ဆင်ခြင်ခြင်အသုံးပြုသော စိုက်ပျိုးရေးစနစ်ဟုခေါ်နိုင်ပါသည်။ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဝါးများကို လုံးဝအသုံးမပြုသော စိုက်ပျိုးရေးစနစ်ကိုကား ဩဂဲနစ် စိုက်ပျိုးရေးစနစ် (Organic Farming) ဟုခေါ်ပါသည်။ ဩဂဲနစ်စိုက်ပျိုးရေးစနစ်မှာ စားသုံးသူများ ဓါတုအဆိပ် မသင့်ရန် အလေးထား စိုက်ပျိုးသောစနစ် ဖြစ်သည်။ ဤစိုက်ပျိုးရေးစနစ် (၄) မျိုးကို ဓါတုပစ္စည်းများဖြစ်သော ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံး ဓါတုဆေးဝါးများ အသုံးပြုမှုအနေအထားအရ ရှင်းလင်းစွာခွဲခြားထား၍ စိုက်ပျိုးသူများအကြား၌ ရှင်းလင်းနေမည်ဟု ယူဆခဲ့သော်လည်း အံ့ဩဖွယ်ကောင်းသည်မှာ ဓါတုပစ္စည်းများ အသုံးပြုခြင်းနှင့် ဩဂဲနစ် စနစ်အကြား ရှုပ်ထွေးရောယှက်နေသည်မှာ နားမလည်နိုင်အောင် ဖြစ်ရသည်။ ထိုသို့ရှုပ်ထွေးနေသည့် အနေအထားသည် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၏ အနာဂတ်အတွက် အလားအလာမကောင်းပါ။ ဤကိစ္စကို စိုက်ပျိုးသူများအကြားရှင်းရှင်းလင်းလင်း မပြုလုပ်နိုင်လျှင် အနာဂတ်ခရီးကို ဖြောင့်ဖြောင့်တန်းတန်း ခရီးဆက်နိုင်မည် မဟုတ်ပါ။ ခေတ်မီစိုက်ပျိုးရေးတွင် ဓါတ်မြေဩဇာများနှင့် စိုက်ပျိုးရေးသုံးဓါတုဆေးဝါးများကို အလွန်အကျွံသုံးစွဲမှု ကြောင့် စိုက်ပျိုးရေး ထုတ်ကုန်များတွင် ဓါတုဓါတ်ကြွင်းများ ကျန်ရှိသည်။ ထိုဓါတုဓါတ်ကြွင်းများသည် စားသုံးသူများ၏ အစာလမ်းကြောင်းများအတွင်းရောက်ရှိပြီး ကျန်းမာရေးဆိုင်ရာဆိုးကျိုးမျိုးစုံကို ဖြစ်ပေါ်စေသည်။ မြေသို့ကျရောက်သွားသော ဓါတုပစ္စည်းများကို မြေဆီလွှာ၊ ရေနှင့် ဇီဝမျိုးကွဲ မျိုးစုံကို ဓါတုအဆိပ်သင့်စေသည်။ စိုက်ပျိုးရေးဝန်းကျင်ရှိ သယံဇာတများကို မျိုးသုန်းပျောက်ကွယ်စေသည်။ စိုက်ပျိုးမြေနှင့် ဝန်းကျင်တွင် ဓါတုပစ္စည်းများစုပုံရောက်ရှိခြင်းသည် ကာလကြာရှည်လာသောအခါ စိုက်ပျိုးရေးကို ဆက်လက်မလုပ်နိုင်သော အခြေတစ်ခုသို့ ဆိုက်ရောက်လာသည်။ ဓါတုပစ္စည်းမျိုးစုံကို မဆင်မခြင် အလွန်အကျွံ သုံးစွဲခြင်းကြောင့် မြစိမ်းရောင်တော်လှန်ရေးမှာ အမြဲမစိမ်းနိုင်ဖြစ်ခဲ့ရသည်။ သီးနှံအထွက်နှုန်း လျော့ကျလာခြင်း၊ သွင်းအားစုများကို ပိုမိုအသုံးပြုလာရခြင်းကြောင့် မြစိမ်းရောင် တော်လှန်‌ရေးဖြစ်သော ခေတ်မီစိုက်ပျိုးရေးကို ဆက်မလုပ်နိုင်သောအခါ အမြဲစိမ်းစိုက်ပျိုးရေး (Evergreen Revolution) ကို ၁၉၈၇ ခုနှစ်မှ စတင်အသုံးပြုလာသည်။ ဤစိုက်ပျိုးရေးမှာ ရေရှည်ခံစိုက်ပျိုးရေးဖြစ်သည်။ ဤစိုက်ပျိုးရေး၏ အနှစ်သာရမှာ ဝန်းကျင်ထိန်းသိမ်းရေးနှင့် သားစဥ်မြေးဆက် အချိန်ကာလ ကြာရှည်စွာ ပြုလုပ်နိုင်သော စိုက်ပျိုးရေးစနစ်ဖြစ်သည်။ အချို့ကလည်း ဩဂဲနစ်စိုက်ပျိုးရေးကို ရေရှည်ခံ စိုက်ပျိုးရေးဟု ယူဆနေကြပြန်သည်။ အချို့ကလည်း ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးဓါတုပစ္စည်းများ ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍အသုံးပြုပြီး ဩဂဲနစ်စိုက်ပျိုးရေးအဖြစ်ခံယူနေပြန်သည်။ အော် ဂဲနစ်စိုက်ပျိုးရေးစစ်စ်ဆိုလျင် မည်သည့်ပုံစံနှင့်မျှဖြင့် ဓါတုပစ္စည်းများကို အသုံးပြု၍မရပါ။ ဩဂဲနစ်ဆိုသည်မှာ သက်ရှိများဖြစ်သောအပင်နှင့် တိရစ္ဆာန်များကိုရည်ညွန်းခြင်းဖြစ်သည်။ အချို့ကလည်း သဘာဝတွင် တွေ့ရသော ဓါတုပစ္စည်းများကို အသုံးပြုနိုင်သည်ဟု လက်ခံကြပြန်သည်။ ထို့ကြောင့် သဘာဝစိုက်ပျိုးရေး (Natural Farming) နှင့် ဩဂဲနစ်စိုက်ပျိုးရေး (Organic Farming) ကိုထပ်တူထပ်မျှဟု လက်ခံထားကြသူများရှိသကဲ့သို့ လက်မခံသောသူ များလည်းရှိပါသည်။ ဩဂဲနစ်ပစ္စည်းများဖြင့်သာ ပြုလုပ်ထားသော အသုံးပြုပြီးသည့်မြေကို ယူရီးယား၊ တီစူပါ၊ ပိုတက် ဓါတ်မြေဩဇာများရောပြီး ပြန်စိုက်သောအပင်ကို ဩဂဲနစ်သီးနှံဟုဆိုသူများရှိနေပါသည်။ အမှန်ဆိုရလျှင် ဤအခြေအနေမျိုးကို ဩဂဲနစ်စိုက်ပျိုးရေးဟု မ ခေါ်နိုင်ပါ။ အချို့ကလည်း ဓါတုပစ္စည်းများအသုံးပြုခြင်းကို အလွန်အန္တရာယ်ကြီးသောလုပ်ရပ်အဖြစ်ရှုမြင်ပြီး၊ ကမ္ဘာ့အရပ်ရပ်စိုက်ပျိုးသော စိုက်ပျိုးရေးလုပ်ငန်းတိုင်းကို ဩဂဲနစ်စိုက်ပျိုးရေးအဖြစ် ဖော်ဆောင်ရန် အကြံရှိသည်။ ဤအခြေအနေမျိုးမှာ ဘယ်သောအခါမျှ ဖြစ်လာနိုင်မည်မဟုတ်ပါ။ ဩဂဲနစ်စိုက်ပျိုးရေး စနစ်အတွက် ဖော်ဆောင်ရန် သီးနှံပင်များကို အာဟာရစားသုံးခြင်း၊ ရောဂါပိုးမွှားကာကွယ်ခြင်း၊ ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် စီမံပံ့ပိုးခြင်း (၃) ရပ်လုံးအတွက် ဩဂဲနစ်ပစ္စည်းများကို အလုံအလောက်ရှာဖွေ အသုံးပြုရန် မလွယ်ကူပါ။ မဖြစ်နိုင်ပါ။ ဩဂဲနစ် စိုက်ပျိုးရေးအတွက် တစ်ခုသော နယ်မြေအကန့်အ သတ်အတွင်း ပြုလုပ်နိုင်ပါလိမ့်မည်။ သို့သော် ဧက သောင်း၊ သန်းချီ၍ကားလုပ်ရန်မဖြစ်နိုင်ပါ။ ထို့ကြောင့် ဓါတုပစ္စည်းမျာ၏ အန္တရာယ်ကိုကောင်းစွာ သိသော နိုင်ငံများ၌ပင် ဓါတုပစ္စည်းများကို အသုံးပြုနေရခြင်းဖြစ်သည်။ တစ်နည်းဆိုသော် ဓါတုပစ္စည်းများကို လူတို့အတွက် မီး နှင့် နှိုင်းနိုင်ပါသည်။ မီးသည်လူတို့၏ စည်းစိမ်ဥစ္စာများကိုသာမက အသက်ကိုပါ ဖျက် ဆီးပစ်နိုင်ပါသည်။ သို့သော်မီးကို လိုအပ်ချက်အရအ သုံးပြုနေရသည်။ မီးကိုအသုံးပြုလျက်နှင့် အန္တရာယ်မဖြစ်အောင် အသုံးပြုတတ်ရန်သာ လိုအပ်သည်။ ဓါ တုပစ္စည်းများကိုလည်း ဆင်ဆင်ခြင်ခြင် အသုံးပြုပါက၊ ဓါတုပစ္စည်းများအသုံးပြုလျက်နှင့် ဓါတုအဆိပ် သင့်မှုမဖြစ်အောင် ရှောင်းရှားနိုင်ပါသည်။ ဓါတုကင်းစင်ရေးဆိုသည်မှာလည်း လူတို့စားသုံးသော လုပ်ငန်းများမှရရှိသည့် စားနပ်ရိက္ခာများမှ ဓါတု ကင်းစင်ရန်သာလိုအပ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်း တစ်ခုလုံး ဓါတုပစ္စည်းများကို ၁ဝဝ % အသုံးမပြုခြင်းမှာ လိုအပ်သော ကိစ္စမဟုတ်ပါ။ ယနေ့စိုက်ပျိုးရေးလောကတွင် အသုံးပြုနေသော ဓါတုပစ္စည်းများမှာ လွန်ခဲ့သောရာစုနှစ်များ သို့မဟုတ် နှစ် ၁ဝဝ မှအသုံးပြုသောပစ္စည်းများနှင့် မတူတော့ပါ။ ယူရီးယား၊ တီစူပါ၊ ပိုတက်ကဲ့သို့သော ဓါတ်မြေဩဇာမျိုးများတွင် အားသာချက်များရှိသကဲ့သို့ အားနည်းချက်များ ရှိနေပါသည်။ ယင်းတို့ကဲ့သို့သော ဓါတုပစ္စည်းများကို လုံးဝ စွန့်ပစ်ရန် မဟုတ်သော်လည်း ပို၍ကောင်းမွန်သော ဓါတုပစ္စည်းများကို ရွေးချယ်အသုံးပြုရန် လိုအပ်ပါသည်။ ထို့ကြောင့်လည်း ဓါတုပစ္စည်းများနှင့် ပတ်သက်၍ ပို၍တိုးတက်သောအမြင်ရှိသူများက ပို၍ အာနိသင်ပြုသမျှကောင်းသော မြေဩဇာများ (Better Performing Fertilizer) များကိုသုံးပြုနေကြပြီးဖြစ်သည်။ သာမန်စိုက်ပျိုးရေးဘဝမှတိုးတက်သော အခြေအနေသို့ ကာလတိုအတွင်း ပြောင်းလဲသွားနိုင်ခဲ့သော တောင်ကိုရီးယား (ကိုရီးယားသမ္မတနိုင်ငံ) နှင့် ဘရာဇီးနိုင်ငံတို့၏ တိုးတက်မှုအဖြစ်များတွင်၊ ထိုမြေဩဇာများကို ရွေးချယ်အသုံးပြုနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ယနေ့တိုးတက်သော စိုက်ပျိုးရေးလောကတွင် အဏုဓါတုများ (Fine Chemical) များကို အလေးထားအသုံးပြုလာခဲ့ကြသည်။ အဏုဓါတုပစ္စည်းများမှာ တစ်ကြိမ်က ဓါတ်ခွဲခန်းသုံးဓါတုပစ္စည်းများကဲ့သို့ သန့်စင်သော၊ ဈေးကြီးသောပစ္စည်းမျိုးဖြစ်သည်။ ထိုပစ္စည်းများကိုအသုံးပြုရာတွင် ဈေးကြီးသော်လည်း အသုံး ပြုရသော ပမာဏ အလွန်နည်းသောကြောင့် ဆိပ်သင့်မှုကို လျော့နည်းစေသည်။ ပိုမို၍အာနိသင်ပြသမှုကောင်းသော ဓါတုပစ္စည်းများ၊ အဏုဓါတုပစ္စည်းများမှာ ရှေးအခါက အသုံးပြုခဲ့ သော ဓါတုပစ္စည်းများနှင့်နှိုင်းယှဉ်လျင် ဈေးကြီးသော်လည်း၊ အသုံးပြုရသော ပမာဏနည်းခြင်းကြောင့် စီး ပွားရေးအရလည်း တွက်ခြေကိုက်သည်။ ရာသီဥတု ပြောင်းလဲခြင်း၊ ဖိစီးခြင်း ထိုကဲ့သို့စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများကိုကျော်လွှားရာတွင်လည်း အဆိုပါ ဓါတုပစ္စည်းများမှာ ထိရောက်မှုအလွန်ကောင်းသည်။ ယနေ့စိုက်ပျိုးရေးထွက်ကုန်များ၏ နောက်ဆုံး ပန်းတိုင်မှာ ကမ္ဘာ့ဈေးကွက်ဖြစ်သည်။ ကမ္ဘာ့ဈေးကွက် မှာ ပြည်တွင်းဈေးကွက်ထက် စံသတ်မှတ်မှုကြီးသည်။ ရက်စက်မှုများကြောင့်၊ ညှိနှိုင်းဖြေရှင်းရန်ခက်ခဲသည်။ တန်ဘိုး ပို၍ လျှော့ချမှုမျိုးပြုလုပ်ရန် မလွယ်ကူ ပြိုင်ဆိုင်မှုကလည်း ပြင်းထန်သည်။ မူယာမာယာ များလည်းရှိပြန်သေးသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ မျက်နှာသစ်များအတွက် ပို၍စိုးရိမ်စရာရှိသည်။ လွယ်လွယ် စဉ်းစား၍မဖြစ်နိုင်ပါ။ များစွာသော ပြိုင်ဆိုင်မှုများအတွက် မြန်မာပြည် မှထုတ်လုပ်သော စိုက်ပျိုးရေးထုတ်ကုန်များသည်။ အထွက်နှုန်းကောင်းရမည်။ အရည်အသွေးကောင်းရမည်။ ထုတ်လုပ်စရိတ်သက်သာရမည်။ ဤလိုအပ် ချက်များများကြောင့် ဆင်နှင့်ဆိတ်ပြိုင်သော အဖြစ်မျိုး ဖြစ်မသွားရန် အဆင့်မြင့်သောစိုက်ပျိုးရေးသုံး ဓါတု ပစ္စည်းများကို မလွဲမသွေသုံးစွဲရန် လိုအပ်လာပါသည်။ ဤအခြေအနေမျိုးတွင် မြန်မာ့စိုက်ပျိုးသူများအနေနှင့် ဓါတုပစ္စည်းများနှင့် မယဉ်ပါးခြင်းမှာ အားနည်း ချက်တစ်ရက်ဖြစ်နိုင်ပါသည်။ အကယ်၍ မြန်မာ့စိုက်ပျိုးသူများအနေနှင့် ကမ္ဘာ့စိုက်ပျိုးရေးတွင် ထင်ရှား သောဓါတုပစ္စည်းများကို ကောင်းစွာလေ့လာပြီး မိမိတို့လုပ်ငန်းများအတွက် ထိရောက်စွာအသုံးပြုနိုင်ပါက သားရွှေအိုးထမ်းလာသည်ကိုမြင်ရသော အဖြစ်မျိုး ရရှိနိုင်ပါသည်။ ဦးဖရက်သိန်းဖေ ဖူးပွင့်ဝေမဂ္ဂဇင်း၊ အတွဲ (၂)၊ အမှတ် (၃)

see more

23/11/2024

ပြင်သစ်နိုင်ငံ၊ ဘော်ဒိုတက္ကသိုလ်မှ စတင်တီထွင် ဖျော်စပ် အသုံးပြုခဲ့သောကြောင့်၊ ဘောဒိုမစ်ချား (BORDEAUX MIXTURE) ဟု ခေါ်သည်။ အပင်များတွင် ကျရောက်သော မှိုရောဂါသ0တ်ဆေးဖြစ်သည်။ စတင်အသုံးပြုခဲ့သည်မှာ ၁၈၈၅ ခုနှစ် ဖြစ်သည်။ ဆေးအစွမ်းသည် ကောင်းသဖြင့် ယခုတိုင်အသုံးပြု နေရဆဲဖြစ်သည်။ တောင်သူလယ်သမား ဥယျာဉ်ခြံစိုက်ပျိုးသူများက "ဆေးခါးကြီး" ဟုခေါ်သည်။ ဘော်ဒိုဆေး ဟုခေါ်သည်။ ဘော်ဒိုရောစပ်ဆေး ဟုလည်းခေါ်သည်။ တစ်ချို့သည် ဒုတ္ထာဆေး ဟုလည်း ခေါ်ကြ သေးသည်။ အချို့သိကြသည်မှာ မှိုသတ်ဆေးရည်ဖြစ်သည်။ အထူးသဖြင့် စပျစ်စိုက်ပျိုးသူများသည်အသုံး ပြုမှုများပြားသည်။ ဆေးတွင်ပါဝင်သော ပစ္စည်းများကလည်း ရိုးရှင်းလွယ်ကူသည်။ မဖောက်ထုံး၊ ဒုတ္ထာ နှင့် ရေရောစပ်လိုက်ရခြင်းဖြစ်သည်။ ထုံးကိုရေရောလိုက်သဖြင့် ဖောက်ထုံး (ကယ်စီယမ်ဟိုက်ဒြောဆိုဒ်) ဖြစ်သွားသည်။ ထုံးကိုရေနှင့် ရောစပ်မဖျော်လျှင် မဖောက်ထုံး(ကယ်စီယမ်အောက်ဆိုဒ်) ဖြစ်သည်။ အသုံးပြုရမည်မှာ မဖောက်ထုံးဖြစ်သည်။ ဒုတ္ထာသည် (ကောပါးဆာလဖိတ်) ကြေးနီဖြစ်သည်။ ထုံးကလည်း ရပ်ကွက် ကျေးရွာ၊ မြို့တိုင်း၌ဝယ်၍ရနိုင်သည်။ ဒုတ္ထာကလည်း မရ၊ ဆေးဆိုင်များတွင်ဝယ်၍ရရှိသည်။ ထို့ကြောင့် ဆေးအတွက်ဝန်မလေးတော့ပေ။ ထို့ပြင်ဘေးအန္တရာယ်ဖြစ်မှုတွင်လည်းနည်းပါးသည်။ ဖျော်စပ်နည်းအမျိုးမျိုးရှိကြပါသည်။ အဓိကသည် ရောစပ်သည့်အချိုးဖြစ်ပါသည်။ ဒုတ္ထာ၊ မဖောက်ထုံး၊ ရေတို့ကို ၁:၁:၁၀၀ ဆိုလျှင်တစ်ရာခိုင်နှုန်း ဘော်ဒိုဆေးရည်ဖြစ်သည်။ ၂:၂:၁၀၀ ဆိုလျှင် နှစ်ရာခိုင်နှုန်းဖြစ်သည်။ ဒုတ္ထာ (၁)၊ မဖောက်ထုံး (၁)၊ ရေ (၁၀၀) ဖြစ်သဖြင့်၊ ပိသာနှင့်ဆိုပါက ဒုတ္ထာ (၁) ပိသာ၊ ထုံး (၁) ပိသာ၊ ရေပိသာ (၁၀၀) ဖြစ်သည်။ ရေ ကို ပိသာ (၁၀၀) ဟု ရေးလိုက်သဖြင့် ဂါလန်နှင့် တွက်လျှင် ရေ (၃၆) ဂါလန်နှင့်ညီမျှပါသည်။ ထို့ကြောင့်တစ်ရာခိုင်နှုန်းတွင် ရေ (၃၆) ဂါလံ၊ နှစ်ရာ ခိုင်နှုန်းသည်လည်း ရေ(၃၆) ဂါလံ၊ ရှေ့မှ နှစ်မျိုးသော (ထုံးနှင့် ဒုတ္ထာ) တို့သည်သာအချိုးပြောင်းသည်။ ရေမှာအချိုးမပြောင်းပေ။ ထို့ကြောင့်တစ်ရာခိုင်နှုန်းဆေးရည်သည်ပျော့၍၊ ငါးရာခိုင်နှုန်းဆေးရည်သည် ပြင်းသည်။ အနည်းငယ်ဖျော်စပ်လိုသူများသည်၊ ဒုတ္ထာ (၂၀) ကျပ်သား၊ မဖောက်ထုံး (၂၀) ကျပ်သားနှင့် ရေ (၁၀) ပိသာ (ရေ ၄ ဂါလန်) ရောစပ်အသုံးပြုသည်။ တစ်ရာခိုင်နှုန်း ဘော်ဒိုဆေးရည်ကို အရွက်များတွင်ဖျန်းကြပြီး နှစ်ရာခိုင်နှုန်းဆေးရည်ကို စိုက်ဘောင်များတွင်ဖျန်းကြသည်။ ငါးရာခိုင်နှုန်း ဆေးရည်ကို မှိုရောဂါပြင်းပြင်းထန်ထန်အပင်အစိတ်အပိုင်းမှန်သမျှကျရောက်လျှင်ပက်ဖျန်းကြသည်။ ဆေးကိုစတင်တီထွင်ခဲ့ကြစဉ်က ပြင်သစ်နိုင်ငံတွင်စပျစ်စိုက်ခင်းများတွင်၊ ဒေါင်းနီးမှို(Downy Mildew)ရောဂါကို ကာကွယ်ရန် ဖျော်စပ်ခဲ့ခြင်းဖြစ်သည်။ စပျစ်ဝိုင်ထုတ်လုပ်မှုလုပ်ငန်းသည် မှိုရောဂါ ကြောင့်ကျဆင်းခဲ့ရာမှ၊ဘော်ဒိုဆေးရည် တီထွင်နိုင်မှုကြောင့် ဝိုင်ချက်လုပ်သည့် လုပ်ငန်း ပြန်လည်ဖွံ့ဖြိုး လာသည်။ ရေရှားပါးသောဒေသတွင် ရေ(၁)ဂါလံနှင့်ရောစပ်ရာတွင် ဒုတ္ထာ(၃)ကျပ်သားနှင့် မဖောက် ထုံး(၃)ကျပ်သား ရောစပ်ကြသည်။ ဖျော်စပ်မှုအရေးကြီးပါသည်။ ဆေးစွမ်းထက်မြက်မှုပိုကောင်းရန်၊ ထုံးသီးသန့်ရေနှင့် ရောဖျော်ပြီး၊ ဒုတ္ထာကိုလည်းသီးသန့်ရေနှင့်ရောဖျော်ရသည်။ အသုံးပြုရာတွင် ဒုတ္ထာရည်၊ သဲ၊ သွပ်၊ ကြေး၊ သတ္တု ပစ္စည်းများနှင့်ပြုလုပ်ထားသော ခွက်၊ ရေပုံးတို့ကိုစားတတ်သဖြင့်မသုံးရ။ မြေ၊ စဉ့်၊ ကြွေ၊ ပလပ်စတစ်၊ သစ်သားစည်ပုံး များသုံးရသည်။ သီးခြားစီဖျော်ထားသော ရေရောထားသည့် ထုံးရည်နှင့် ဒုတ္ထာရေကို သီးခြားခွက်တစ်ခုတွင် ပြိုင်တူလောင်းထည့်ရောစပ်ရသည်။ ဆေးရည်မိုးပြာရောင် ရှိလာအောင် မွှေပေး ရသည်။ ဆေးရောစပ်မွှေနေစဉ် ဒုတ္ထာကျန်မကျန်သိရှိရန် ဓားအသွားကိုဆေးရည်တွင် ထည့်ကြည့်ပါက ဒုတ္ထာမပျော်သေးဘဲကျန်လျှင် ဓားသွားသည်ကြေးနီရောင်ပြောင်နေမည်။ ထိုအခါဒုတ္ထာမကျန်အောင် ထုံးကိုလည်းပျော်ဝင်အောင် မွှေပေးရသည်။ အချို့ကထုံးအနည်းငယ်ထပ်ဖြည့်ထည့်ကြသည်။ ဆေး ရည်သည်အောင်မြင်စွာ ရောစပ်ပြီးသွားလျှင် ဓားပြားနှစ်ကြည့်ကငှက်ခါးတောင်အရောင် ပေါက်လာသည်။ မှိုသတ်ဆေးဖြစ်သော်လည်း၊ ရွက်စားပိုးနှင့်ပိုးအပျော့စားများ မလာရောက်နိုင်ရန် ဆေးရည်ဖျော်စပ်ပြီး (၂၄) နာရီအတွင်းအသုံးပြုရသည်။ ဆေးရည်သည်အနယ်ထိုင်မှုရှိသဖြင့်၊ မကြာခဏမွှေပေးရသည်။ ဆေးဖျန်းပုံးတွင်ထည့်၍ပက်ဖျန်း စဉ်၊ မကြာမကြာလှုပ်ပေးရသည်။ မိုးရွာစဉ်နေပူရှိန် ပြင်းစဉ်၊ အပင်များ ရေငတ်၍ညှိုးနွမ်းချိန်ဆေးမဖျန်းရပါ။ တွန်းကန်ဆေး (Repellent insecticide) လည်းဖြစ်သည်။ ရောစပ်ရာတွင်အသုံးပြုသည့်ထုံးနှင့် ဒုတ္ထာအရည်အသွေးကောင်းလျှင်ဆေးအာနိသင်ကောင်းသည်။ အထူးသဖြင့် ထုံး၏အရည်အသွေးက ပို၍ အရေးကြီးသည်။ သီးခြားစီဖျော်စပ်ပြီးမှပြိုင်တူလောင်း၍ ရောစပ်လျှင် ဆေးအာနိသင် ကောင်းသည်။ ရောဂါမှိုများသည် အပင်အတွင်းပိုင်းထိ ဝင်ရောက်ကြသဖြင့်၊ ဆေးဖျန်းရာတွင် အပင်အစိတ်အပိုင်း အားလုံးစိုရွဲနေအောင်ပက်ဖျန်းရသည်။ ပူနွေး၊ စွတ်စိုသောရာသီဥတုတွင် မှိုရောဂါဖြစ်ပွားမှုများသဖြင့် (၁၀) ရက်ခြား (၁) ကြိမ်ဖျန်းသင့်သည်။ ဆေးဖျန်းပြီးလျှင် ဆေးဖျန်းပိုးကို ချက်ခြင်းရေဆေးပေးမှ ဆေးဖျန်းများမပျက်စီးနိုင်ပါ။ ဆေးရည်ကိုစတင်တီထွင်စဉ်ကဒေါင်းနီးမှိုရောဂါအတွက်ဖြစ်သော်လည်း၊ ဆေးရည်သည်ရွက် ပြောက်ရောဂါ၊ ပင်စည်ပုပ်ရောဂါ၊ ခါးရိရောဂါ၊ ပင်နာကျရောဂါများကိုလည်းကာကွယ်နှိမ်နင်းနိုင်သည်။ နောက်ပိုင်းကာလများတွင် စပါးစိုက်ခင်း၌လည်း ရွက်ညိုပျောက်ရောဂါအတွက် သုံးလာကြသည်။ ပဲမျိုးစုံ၊ မြေပဲရွက်ပြောက်ရောဂါနှင့် ပင်ညှိုးရောဂါ၊ ခရမ်းချဉ်၊ အာလူး၊ လောင်မဲရောဂါ၊ ကော်ဖီပင် သံချေးရောဂါ၊ ကိုင်းဖျားခြောက်ရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ လက်ဖက်ပင်နာကျရောဂါ၊ ရှောက်သံပုရာ၊ ကျွဲကော၊ လိမ္မော်အကြေးဖက်ရောဂါ၊ ကွမ်းရွက်ခြံများ၊ ခြေပုပ်ရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ နှင်းဆီ၊ ဂန္ဓမာ၊ရွက်ခြောက်နှင့် အနက်ပြောက်ရောဂါတို့ကိုလည်း ဘော်ဒိုဆေးအသုံးပြုလာကြသည်။ အထူးသဖြင့် စပျစ်စိုက်ပျိုးသူများ၏ လက်စွဲဆေးဖြစ်ပါသည်။ စပျစ်ရွက်ပြောက်၊ နနွင်းရောဂါ၊ ဒေါင်နီးမှို ရောဂါတို့တွင် ထိရောက်သောဆေးဖြစ်သည်။ ပျော်ဘွယ်၊ ရမည်းသင်း၊ မိတ္ထီလာဒေသစပျစ်ခြံများ အသုံးပြုကြသည်။ ဆေးရည်တွယ်ကပ်မှုကောင်းရန်၊ ဆပ်ပြာကိုရေ(၅) ဂါလန်တွင် (၁၀) ကျပ်သား ရောထည့်ကြသည်။ ယခု အခါဘော်ဒိုဆေးရည်အဖြစ်၊ ဘော်ဒိုသုတ်လိမ့်ဆေး (BORDEAUX PASTE) ကိုလည်းခပ်ပျစ်ပျစ်ဖျော် စပ်၍သစ်သီးပင်များတွင် သုတ်လိမ်းပေးကြပြီး၊ ပင်စည်နှင့် အကိုင်းအခက်တွင် ကျသောမှိုရောဂါကိုနှိမ်နင်း ကြပါသည်။ သုတ်လိမ်းဆေးကိုမဖောက်ထုံး (၃) ပေါင်၊ ဒုတ္ထာ (၅) ပေါင်၊ ရေ (၁) ဂါလံနှင့်ခပ်ပျစ်ပျစ်ရ အောင်ရောစပ်အသုံးပြုကြပါသည်။ စပျစ်တွင်ဆေး၏ ကောင်းသတင်း သိကြသဖြင့်၊ ကွမ်းရွက်ခြံများတွင်လည်း ဘော်ဒိုဆေးရည်သည် စိုက်ဘောင်နှင့် အပင်များကို ရွှဲရွှဲဖျန်း၍ မှိုရောဂါကာကွယ်နှိမ်နင်းကြပါသည်။ လွယ်ကူသက်သာထိရောက်ပြီး ဘေးအန္တရာယ်ကင်းသော ဆေးများအသုံးပြု၍ဥယျာဉ်ခြံများ၊ သီးထွက် ကောင်းအောင်မှိုရောဂါ ကင်းရှင်းအောင် ဆောင်ရွက်ပေးနိုင်သဖြင့်"ဆေးခါးကြီး"ဟုလက်စွဲဆေးအဖြစ် သုံးကြပါသည်။ ကိုရဲ (စိုက်ပျိုးရေး) ဖူးပွင့်ဝေမဂ္ဂဇင်း၊ အတွဲ (၁)၊ အမှတ် (၅)

see more

28/09/2024

ကန်စွန်းဉကို အင်္ဂလိပ်ဘာသာစကား၌ Sweet Potato လို့ခေါ်ပါသတဲ့။ Sweet Potato ကို တိုက်ရိုက်ဘာသာပြန်ရရင် “အာလူးချိုချို”လို့ပဲဆိုရမှာပေါ့။ ဒီလိုမျိုး တိုက်ရိုက်ဘာသာပြန်ကြည့်မိတော့ ကလေးဘဝတုန်းကဖတ်ခဲ့ဖူးတဲ့ မော်ဒန်ကာတွန်းကို သတိရမိတယ်ဗျ။ ကျွန်တော်ငယ်စဉ်ကလေးဘဝ တတိယတန်းတုန်းက တက္ကသိုလ်ဝင်တန်းတစ်ခုမှာ Treasure Island ဆိုတဲ့ဖတ်စာအုပ်ကို ပြဌာန်းခဲ့ပါတယ်။ အဲဒီဝတ္ထုထဲမှာ Long John Silver ဆိုတဲ့ လူဆိုးဇာတ်ဆောင်တစ်ယောက် ပါနေပါတယ်။ ဒီဇာတ်လမ်းကို ကာတွန်းဆရာကြီး ဦးအောင်ရှိန်က သူ့ရဲ့မော်ဒန်ကာတွန်းစာအုပ်မှာ စုံထောက်ကြီးဦးစံရှားနဲ့ သူ့တပည့် ဦးဒိန်းဒေါင်တို့ကိုထည့်သွင်းပြီး ‌ရေးဆွဲခဲ့ပါတယ်။ Long John Silver က ဦးစံရှားနဲ့တွေ့တော့ သူ့နာမည် Long John Silver ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ ဒါနဲ့ ဦးစံရှားက Long John Silver ဆိုတော့ “ရှည်သောငွေဂျွန်ပေါ့” လို့ဘာသာပြန်ပြီးပြောလိုက်ပါတယ်။ အဲဒီအခါမှာ Long John Silver ကဒေါသထွက်ပြီး “သောက်ရမ်းဘာသာမပြန်နဲ့” လို့ပြောကာ ချိုင်းထောက်နဲ့ ပစ်ပေါက်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကန်စွန်းဉထဲမှာတော့ anthocyanin အပြင်၊ တခြားအရောင်ဆိုးဆေးသတ္တိရှိတဲ့ အာဟာရဓါတ်တွေလည်းပါဝင်နေပါတယ်။ သူတို့အားလုံးဟာ ကျန်းမာရေးအတွက် တူညီတဲ့ “ဆန့်ကျင်-‌ရောင်ကိုင်း” အကျိုးကျေးဇူးတွေကို ဖြစ်‌‌ပေါ်စေနိုင်ပါသဗျ။ သိပ္ပံပညာရှင်တွေဟာ ကန်စွန်းဉလို့ခေါ်တဲ့ သစ်မြစ်သစ်ဖုထဲမှာပါတဲ့ ဆန့်ကျင်-ရောင်ကိုင်း ပစ္စည်းတွေဟာ ပိုပြီးအံ့သြစရာကောင်းနေတာကို တွေ့ခဲ့ကြပါတယ်။ တိရစ္ဆာန်တွေကို လေ့လာစမ်းသပ်မှုအရ ကန်စွန်းဉနဲ့ သူ့ထဲပါတဲ့အရောင်ဆိုးဆေးတို့ကိုတော့ စားသုံးခြင်းအားဖြင့် NF-KB နဲ့ iONS တက်ကြွမှုတို့အပြင် Cox-2 ဖွဲ့စည်းမှုကိုပါ လျော့နည်းသွားစေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒီအဖြစ်အပျက်တစ်ခုချင်းစီက မလိုလားအပ်တဲ့ ရောင်ကိုင်းမှုဖြစ်ပေါ်ခြင်းရဲ့ အဓိကအချက်ကို ကိုင်တွယ်ပေးနိုင်ကြောင်း ပြောဆိုနေပါတယ်။ ဒါကြောင့်ရောင်ကိုင်းမှုဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းရေးအတွက် ကန်စွန်းဉရဲ့ သီးရွက်အာဟာရ (Phytonutrients) တွေကို အသုံးချနိုင်ကြောင်း ထင်ရှားနေပါတယ်။ တိရစ္ဆာန်တွေကို စမ်းသပ်မှုအရ ကန်စွန်းဉစားသုံးခြင်းဖြင့် ဦးနှောက်တစ်သျှူးနဲ့ တစ်ကိုယ်လုံးရှိ အာရုံကြောတစ်သျှူးရောင်ကိုင်းမှုများ လျော့ကျသွားကြောင်းတွေ့ရှိခဲ့ပါတယ်။ ပြီးတော့ ကန်စွန်းဉသီးရွက်အာဟာရတို့ရဲ့ “သွေးရည်ကြည်ပရိုတင်း” ပေါ်သက်ရောက်မှုမှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ သွေးရည်ကြည်ပရိုတင်းဟာ သွေးခဲစေဖို့လိုအပ်တဲ့ ခန္ဓာကိုယ်ထဲရှိ အဓိက ကာဗိုဟိုက်ဒြိတ်ပရိုတင်းတွေအနက် တစ်ခုပဲဖြစ်ပါတယ်။ Thrombin ခေါ် သွေးခဲစေတဲ့ဓာတ်ပစ္စည်းတစ်မျိုးရဲ့အကူအညီနဲ့ သွေးခဲတဲ့ဖြစ်စဉ်အတွင်း သွေးရည်ကြည်ပရိုတင်းတို့ဟာ fibrin ခေါ် ကိုယ်တွင်းပရိုတင်းအဖြစ်သို့‌ပြောင်းလဲသွားပါတယ်။ သွေးရည်ကြည်ပရိုတင်း thrombin ခေါ်သွေးခဲစေတဲ့ ဓာတ်ပစ္စည်းနဲ့ Fibrin ခေါ် ကိုယ်တွင်းပရိုတင်းတို့ အညီအမျှရှိနေခြင်းက ခန္ဓာကိုယ်ကျန်းမာရေး၊ ခန္ဓာကိုယ်ရဲ့အနာများကိုပိတ်နိုင်စွမ်းနဲ့ သွေးထွက်ရပ်စေခြင်းတို့အတွက် အခရာကျလှပါတယ်။ မည်သို့ဆိုစေ၊ ဒီသွေးခဲစေတဲ့ မော်လီကျူးတွေများနေရင် ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။ ပုံစံအားဖြင့် သွေးရည်ကြည်ပရိုတင်းနဲ့ fibrin ခေါ် ကိုယ်တွင်းပရိုတင်းတွေများနေမယ်ဆိုရင် ရောင်ကိုင်စေတဲ့မော်လီကျူးတို့ရဲ့ မလိုအပ်တဲ့ယိုစိမ့်မှုတွေဖြစ်လာနိုင်ပါတယ်။ တိရစ္ဆာန်တို့ကို ကနဉီးစမ်းသပ်မှုအရ ကန်စွန်းဉအရောင်ဆိုးဆေးတွေ စားသုံးခြင်းအားဖြင့် ရောင်ကိုင်းမှုလျော့ကျလာ ကြောင်းနဲ့ သွေးရည်ပရိုတင်းအဆင့် တပြိုင်နက်လျော့ကျသွား‌ကြောင်း‌ တွေ့ရှိရပါတယ်။ ကန်စွမ်းဉရဲ့ ဆန့်ကျင်-ရောင်ကိုင်းအကျိုးကျေးဇူးနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ သုတေသနအသစ်တွေကို ဆက်လက်မျှော်လင့်လျှက်ပါပဲ။ လူအတော်များများကတော့ ကစီဓာတ်ကြွယ်ဝလှတဲ့ ကန်စွန်းဉလို သစ်မြစ်သစ်ဖုတွေကို မိမိတို့ရဲ့ သွေးသကြား (ဆီးချို) ထိန်းချုပ်ရေးအတွက် အသုံးမပြုနိုင်တဲ့အစာအုပ်စုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီလိုဖြစ်ရတာက လူအတော်များများဟာ မိမိတို့ရဲ့အစာချေဖျက်ရေး လမ်းကြောင်းမှာ အစာထဲက ကစီဓာတ်တွဟာ သာမန်သကြားအဖြစ် ပြောင်းသွားတယ်လို့ သိထားတာကြောင့်ဖြစ်ပါတယ်။ တကယ်လို့ မိမိတို့စားလိုက်တဲ့အစာဟာ ကစီဓာတ်သိပ်များနေရင် အစာချေဖျက်ရေးလမ်းကြောင်းမှာ သကြားတွေ အလွန်အမင်းဖြစ်ပေါ်လာပါတယ်။ အဲဒီအခါမှာ သူတို့ကိုစုပ်ယူဖို့ သွေးသကြားအဆင့် အလွန်လျင်မြန်စွာ မြင့်တက်လာပါတယ်။ ကန်စွန်းဉတို့ရဲ့ စွဲမက်စရာကောင်းလှပုံကတော့ GI အညွှန်းကိန်း အလယ်အလတ်ရှိနေလင့်ကစား၊ ဆီးချိုရောဂါအမျိုးအစား (2) ရှိနေသူများကိုပင် ဆီးချိုထိန်းချုပ်မှု တိုးတက်အောင် ပြုလုပ်ပေးနိုင်စွမ်းရှိနေခြင်းပဲ ဖြစ်ပါတယ်။ ကန်းစွန်းဉလိုမျိုး GI အညွှန်းကိန်းအလယ်အလတ်ရှိတဲ့ အခြား WHFoods တွေကတော့ သကြားမုန်လာဉ၊ ပြောင်းဖူးနဲ့ တရုတ်ကြက်သွန်တို့ပဲဖြစ်ပါတယ်။ အလယ်အလတ်စားကန်စွန်းဉထဲရှိ အမျှင်ဓာတ် 6.6 gm ဟာ အစာချေဖျက်နှုန်းကို ဟန်ချက်ညီစေတဲ့အတွက် သွေးသကြားထိန်းညှိမှုကို အသေအချာဖြစ်စေပါတယ်။ ခေတ်မီသုတေသနပြုချက်အရ၊ ကန်စွန်းဉဟာ ဆီးချိုအမျိုးအစား (၂) ရှိသူတို့ရဲ့ သွေးထဲရှိ adiponectin ပရိုတင်းဟော်မုန်းအဆင့်ကို သိသိသာသာမြင့်တက်စေကြောင်းလည်းတွေ့ရှိရပါတယ်။ Adiponectin ဟာအင်ဆူလင်ဇီဝရုပ် အဖြစ်အပျက်ကို ပြုပြင်ပြောင်းလဲပေးသူအဖြစ် ဆောင်ရွက်ပေးနိုင်ပါတယ်။ အင်ဆူလင်ဇီဝရုပ် အဖြစ်အပျက် ထိန်းချုပ်မှုနည်းသူတို့နဲ့ အင်ဆူလင် အကဲဆက်မှုမရှိသူတို့ကို adiponectin အဆင့်နိမ့်ကျစေပါတယ်။ ထိုမှတစ်ပါး အင်ဆူလင်ဇီဝရုပ်ဖြစ်အပျက် ပိုကျန်းမာသူတို့ကို adiponectin အဆင့်မြင့်စေပါတယ်။ ကန်စွန်းဉတို့မှာ သွေးသကြားထိန်းညှိမှု အကျိုးကျေးဇူးများရှိနေ သဖြင့် သွေးသကြားထိန်းညှိမှုအတွက် စဉ်းစားနေရသူတို့ပင် ကန်စွန်းဉကို နှစ်ခြိုက်စွာ စားသုံးနိုင်တယ်လို့ သိရှိရကြောင်းပါဗျာ။ နေထွန်း ဖူးပွင့်ဝေ မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၁၀)

see more

20/09/2024

ငှက်ပျောသီးသည် စပျစ်သီးမှလွဲ၍ အသီးလောကတွင် စီးပွားရေးအရ အရေးကြီးသော အသီးဖြစ်သည်။ ငှက်ပျောသီးကို ပြည်တွင်းဈေးကွက်တွင် သာမက ကမ္ဘာ့ဈေးကွက်တွင်းသို့ တင်ပို့ပါက ဈေးကွက်အတွင်းသို့ အနေအထားအကောင်းဆုံးရောက်ရှိရန် ယင်းတို့၏ အသီးမှည့်ခြင်းဆိုင်ရာ သိပ္ပံအမြင်နှင့် နည်းပညာများ အမှန်တကယ် လိုအပ်ပါလမ့်မည်။ ထိုသို့ ဆောင်ရွက်နိုင်ရန် ငှက်ပျောသီးများ၏ အသီးမှည့်ခြင်း ဖြစ်စဉ်တွင် ဇီဝကမ္မပိုင်းဆိုင်ရာ ပြောင်းလဲချက်များကို လေ့လာထားရန် မှာ ရှေ့ဦးလိုအပ်ချက်ဖြစ်သည်။ အသီးများ မှည့်ခြင်းဖြစ်စဉ်တွင် အုပ်စု ၂ မျိုး အထင်အရှားရှိသည်။ ပထမအုပ်စုမှ အသီးများသည် မှည့်ချိန်တွင် ရုတ်တရက် အသက်ရှုနှုန်း မြင့်တက်သော အသီးမျိုးဖြစ်သည်။ အသီးများမှည့်စဉ်ကာလ သို့မဟုတ် ရင့်ပြီးခူးဆွတ်ချိန် နောက်ပိုင်း အသက်ရှူနှုန်း ရုတ်တရက် တက်မလာသောအသီးကို Non Climacteric Fruit ဟု ခေါ်သည်။ အသီးရင်းပြီး ခူးဆွတ်ပြီးရက် အနည်းငယ်အတွင်း အသီးများ အစိမ်းရောင်များ လျော့နည်းပျောက်ကွယ်ပြီ အဝါရောင်-လိမ္မော်ရောင်အဖြစ် ပြောင်းလာသည်။ အသီးအတွင်း ရင့်မှည့်ဟော်မုန်း Ripening Hormone အက်သလင်း Ethylene ဓါတ်ငွေ့ထွက်ပေါ်လာသည်။ အသက်ရှုနှုန်း ရုတ်တရက်မြင့်တက်လာသည်။ ထိုသို့ မြင့်တက်ခြင်းကို Climacteric Rise ဟုခေါ်ပြီး ဆက်လက်မြင့်တက်ရာမှ အသက်ရှူနှုန်း အမြင့်ဆုးကိုကား Climacteric Peak ဟုခေါ်သည်။ ထိုနောက်တွင်ကာ အသက်ရှူနှုန်းများ အမှည့်လွန် အချိန်သို့ရောက်ရှိသွားတော့သည်။ အသီးမှည့်ချိန်ကို အဆင့်ခွဲ၍ သတ်မှတ်ပါက ပထမ အဆင့်မှာ အသက်ရှူနှုန်း မြင့်တက်သည့် အဆင့် Pre climacteric Rise ဖြစ်သည်။ ဒုတိယ အဆင့်မှာကား ရုတ်တရက် အသက်ရှူနှုန်း အမြင့်ဆုံး ရောက်ချိန် Climacteric Peak အချိန်ဖြစ်သည်။ ထိုအချိန်ကာလအတွင်းသည်သာ အသီးမှည့်ခြင်း၏ အကောင်းဆုံး အခြေအနေဖြစ်သည်။ တတိယအဆင့်ဖြစ်သော အဆင့်ကိုကား ကလိုင်မက်ထရစ် နောက်ပိုင်း အဆင့် Post Climacteric Peak ဖြစ်သည်။ ထိုနောက်ဆုံးအဆင့်မှာ အမှည့်လွန် ကာလဖြစ်၍ ဈေးကွက်အတွင်း မျက်နှာပန်းမလှသော အခြေအနေ သို့မဟုတ် ဈေးကွက်သို့ မတိုးနိုင်သော အခြေအနေဖြစ်သည်။ ငှက်ပျောသီးမှည့်များ၏ အကောင်းဆုံး အချိန်ဖြစ်သော မှည့်ချိန်တွင် ဈေးကွက်သို့ အရောက်ပို့နိုင်ခြင်း သို့မဟုတ် ဈေးကွက်အတွင်း ထိုအခြေအနေကို ထိန်းထားရန် လိုအပ်ပါသည်။ အနှစ်သာရ ပြည့်ဝသော မှန်ကန်သည့် အသီးမှည့်ခြင်းဖြစ်စဉ်တွင် လိုအပ်သော ဇီဝကမ္မပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ရှိနေမြဲဖြစ်သည်။ စိမ်းနေသောအသီးများ အစိမ်းရောင် ပျောက်ပြီး ဝါလာရရုံနှင့် ယင်းအခြေအနေကို အသီးမှည့်ခြင်းဟု မဆိုနိုင်ပါ။ အကယ်၍ အသီးမှည့်ခြင်းကို အခြေခံကျကျလေ့လာမိပါက ပြီးပြည့်စုံသော အသီးမှည့်ခြင်းကို ဖြစ်စေရုံမက ထို အခြေအနေကို လိုအပ်သလို ထိန်းထားရာတွင် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။ ၁။ အက်သလင်း ထုတ်လွှတ်ခြင်း မမှည့်သေးသော ငှက်ပျောသီးများသည် ရင့်မှည့်ဟော်မုန်း (အက်သလင်းဓါတ်ငွေ့) ထုတ်လုပ်မှုနည်းသည်။ သို့သော် ခူးဆွတ်ပြီး သိုလှောင်ချိန်အတွင်း၌ပင် အသီးမှ အသက်ရှူနှုန်းမြင့်တက်လာသည်။ အသက်ရှုနှုန်း ရုတ်တရက် မြင့်တက် လာရာမှ (၅) ရက်ခန့်အတွင်း အသက်ရှူနှုန်း အမြင့်ဆုံး အနေအထားသို့ရောက်ရှိ သွားသည်။ အက်သလင်းဖြစ်ပေါ်ခြင်းမှာလည်း အသက်ရှူနှုန်းအတိုင်း ရုတ်တရက်မြင့်တက်ရာမှ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိပြီး အသီးများအမှည့်လွန် ကာလအတွင်း ပြန်ကျသွားမြဲဖြစ်သည်။ ၂။ သီးနှံအရည်အသွေး ငှက်ပျောသီးတစ်ဖီးစီကို အင်္ဂလိပ် ဘာသာဖြင့် လက် (Hand) မှ ခေါ်ပြီး ငှက်ပျောပြီး တစ်လုံးစီကို လက်ချောင်း (Finger) ဟု ခေါ်သည်။ ငှက်ပျောသီး တစ်လုံးစီ သို့မဟုတ် ငှက်ပျောသီး တစ်ဖီးစီတွင် ကျောဖက်နှင့် ရင်ဖက် အရောင် အနည်းငယ်ကွဲနေမြဲဖြစ်သည်။ သို့သော် မှည့်ခြင်းဖြစ်စဉ်သို့ ကူးပြောင်းလဲနှုန်းကို မြင့်စေမည် ဖြစ်သည်။ သိုလှောင်အစာ (ကော်) မှ သကြားအဖြစ်သို့ ဖြိုချရာ ဖြစ်စဉ်အတွက် စွမ်းအင်လိုအပ်ချက် တိုးလာသည်။ ဓါတ်တိုးနှုန်းမြင့်တက်လာသည်။ အက်သလင်း ဖြစ်ပေါ်မှုလည်းတိုးနေသည်။ ဇီဝကမ္မပြောင်း အကူဖြစ်သော အင်ဇိုင်များလည်း နိုးထချိန်ဖြစ်သည်။ သို့သော် အမှည့်လွန်အဆင့် ရောက်သွားသောအခါတွင် သီးခွံ၌ အမည်းရောင်အကွက် များပေါ်လာသည်။ စွမ်းအင်ထုတ်လုပ်မှု လွန်ကဲချိန်တွင် အသီးအတွင်းမှ ရေငွေ့ပျံထွက်လာ နှူန်းမြင့်တက်ချိန်ဖြစ်သည်။ ထို့ကြောင့် အလေးချိန်လျော့ကျလာသည်။ ၄။ အသီး၏ တင်းမာမှု အသီးမှည့်ခြင်း ဖြစ်စဉ်တွင် အသီး၏တင်းမာမှု လျော့ကျလာခြင်းမှာ ဆဲလ်နံရံများ အားလျော့လာခြင်း ကြောင့်ဖြစ်သည်။ အသီးစိမ်းဘဝက အသီးအတွင်းရှိနေသော ကော်များ သကြားအဖြစ်သို့ ကျေပျက်လာခြင်းကလည်း အသီး၏ တင်းမာမျုကိုလျော့ကျစေသည်။ ၅။ အစိုဓါတ်ပမာဏ အသီးမှည့်ဖြစ်စဉ်တွင် သီးခွံအတွင်းမှရေများ အသီးအသားအတွင်းသို့ ရွှေ့ပြောင်းခြင်းကြောင့် အသီးအတွင်း အစိုဓါတ် တိုးတက်လာသည်။ ဆဲလ်နံရံများ အားပျော့ လာချိန်နှင့် လိုက်၍ရေနှင့်ရေဖျော် အာဟာရများကြောင့် အသီး၏ ဆဲလ်နံရံများပို၍ အားပျော့လာသည်။ သီးခွံအတွင်းမှ အစိုဓါတ်များ အသီးအသားအတွင်း ရွှေ့ပြောင်းလာခြင်းကလည်း အခြေအနေကို ပို၍ဆိုးစေသည်။ ရှုံ့လာသော သီးခွံအတွင်းမှ အစိုဓါတ်များ အသီးအသားအတွင်း သို့ရောက်မလာအောင် တားဆီးထားရန် လိုအပ်သည်။ ၆။ အချဉ်ဓါတ် (အက်ဆစ်ဓါတ်) ငှက်ပျောသီးမှည့်ခြင်း ဖြစ်စဉ်အတွက် အက်ဆစ်များ တိုး၍လာသည့် အဓိကအက်ဆစ်များမှ အယ်လစ်အက်ဆစ် Malic Acid စစ်ထရစ်အက်ဆစ် Citric Acid နှင့် အော်ဇာလစ် အက်ဆစ် Oxalic Acid တို့ဖြစ်သည်။ ၇။ ရေပျော်အစိုင်အခဲများ အက်ဆစ်များကြောင့် ကော်များကို ရေပျော်ပြီး သကြားများ ဖြစ်စေခြင်းကြောင့် အသီးများ ပို၍ချိုလာသည်။ အနံ့နှင့် အရသာ ပိုကောင်းလာစေသည်။ ၈။ အသီးကြွေခြင်း အသီးမှည့်ခြင်းဖြစ်စဉ်၏ အဆုံးပိုင်း အမှည့်လွန်ချိန်၏ အဆုံးမျာအသီးကြွေးခြင်း အဆင့်ဖြစ်သည် ငှက်ပျောမျိုးကိုလိုက်ပြီး အသီးကြွေနှုန်းမတူကြပါ။ အချို့ထိုသို့ အမှည့် လွန်ချိန်တွင် အသီးများ (၅) ရာခိုင်နှုန်း အထိကြွေကျသွားသည်။ သာမန်အားဖြင့် အစိမ်းရောင် အနေအထား ရင့်ပြီးသော ငှက်ပျောသီးမှာခူးပြီး ရက်အနည်းငယ်အတွင်း မှည့်ကြမြဲဖြစ်သည်။ ငှက်ပျောသီးများကို စားသုံးသူများ ရှေ့မှောက်တွင် အကောင်းဆုံး အနေအထားဖြင့် ရောက်ရှိရန် အရေးကြီးသကဲ့သို့ ဈေးကွက် စံချိန် အတိုင်းအတာတစ်ခုအထိ အပြင်ပန်းလှသော အနေအထားမျိုးနှင့် ထိန်းထားရန် လိုအပ်သည်။ ထိုကိစ္စအတွက် အခြေခံ လိုအပ်ချက်မှာ ငှက်ပျောသီးများကို မူမှန်စွာ ပြီးပြည့်စုံစွာ မှည့်စေရန်နှင့် ပံ့ပိုးနိုင်ပါက ငှက်ပျောဈေးကွက်တွင် အားသာမှုများ မလွဲမသွေရရှိလာနိုင်ပါသည်။ ဦးဖရက်သိန်းဖေ ဖူးပွင့်ဝေမဂ္ဂဇင်း အတွဲ (၂)၊ အမှတ် (၄)

see more

24/05/2024

လက်ဖက်ရည် (ရေနွေးကြမ်း) သောက်သုံးတဲ့ ဓလေ့ဟာ မြန်မာနိုင်ငံအနှံနီးပါးမှာ တွေ့ရပါတယ်။ လက်ဖက်ရည်၊ ကော်ဖီဆိုင်များမှာ လက်ဖက်ရည်အချိုကို အဓိကထားသောက်ကြပါတယ်။ လက်ဖက်ရည်အချိုလို့ ယခင်ကသုံးခဲ့ကြသော်လည်း ယခုအခါမှာတော့ လက်ဖက်ရည်ချိုဆိမ့်၊ ကျဆိမ့်၊ ပေါ့ကျ၊ ပုံမှန်၊ ချိုပေါ့စသည် လက်ဖက်ရည်နို့နဲ့ သကြားပါဝင်မှု အချိုးအမျိုးမျိုးပေါ် မူတည်ကာ အမည်မှည့်ခေါ်သောက်သုံးနေကြတာကို တွေ့ရပါတယ်။ ဆိုင်များမှာ လက်ဖက်ရည်ကြမ်း (ရေနွေးကြမ်း) ကိုတော့ အခမဲ့သောက်သုံးနိုင်ကြပါတယ်။ ကမ္ဘာပေါ်မှာ လက်ဖက်ရည်ကို Green Tea၊ Black Tea စသည်အခေါ်များ ရှိကြကာ လက်ဖက်ခြောက်အမည်များကိုမျှ စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံနဲ့ဒေသအလိုက် အမည်မှည့်ခေါ်နေကြတာကို တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာရေပြီးလျှင် လက်ဖက်ရည်ကို ဒုတိယအများဆုံး သောက်သုံးနေကြောင်းနဲ့ ကမ္ဘာပေါ်မှာ လက်ဖက်စိုက်ပျိုး ထုတ်လုပ်နေတဲ့ နိုင်ငံ (၃၀) ရှိကြောင်းသိရပါတယ်။ မြန်မာနိုင်ငံမှာလည်း လက်ဖက်ကိုရှေးကာလများ မှပင် စိုက်ပျိုးသောက်သုံးလာခဲ့ကြတာဖြစ်ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ လက်ဖက်များရရှိစေရန်အတွက် ကုန်းမြင့်ဒေသ၊ အေးမြတဲ့ ရာသီဥတုရှိတဲ့ ဒေသများမှာ အများဆုံးစိုက်ပျိုးထုတ်လုပ်ကြပါတယ်။ မြေပြန့်ဒေသများမှာ စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း၊ ထုတ်လုပ်ရရှိတဲ့ လက်ဖက်ခြောက် အရည်အသွေးညံ့ဖျင်းတယ်လို့ဆိုပါတယ်။ လက်ဖက်စိုကတော့ မြန်မာနိုင်ငံရဲ့ထူးခြားတဲ့ စားသောက်ဖွယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ မြန်မာနိုင်ငံမှာသာ ကျယ်ပြန့်စွာ စားသုံးနေကြတာ ဖြစ်ပါတယ်။ လက်ဖက်ရည်သောက်သုံးခြင်းရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုမှုများကို များစွာ ရှာဖွေဖော်ထုတ်ခဲ့ကြပါပြီ။ ထပ်မံလေ့လာတွေ့ရှိထားတဲ့ လက်ဖက်ရည် သောက်သုံးနည်းအလိုက် ကျန်းမာရေးအတွက် အကျိုး၊ အပြစ်ဖြစ်စေနိုင်မှုများကို ရေးသားဖော်ပြလိုက်ပါတယ်။ ဥရောပတိုက် နှလုံးဆိုင်ရာ အဖွဲ့အစည်းမှ၊ ပါမောက္ခ Danchin ဦးဆောင်တဲ့အဖွဲ့မှ ပြင်သစ်လူမျိုး (၁၃၀၀၀) ကို လေ့လာခဲ့ရာ၊ လက်ဖက်ရည် သောက်သုံးခြင်းဖြင့် နှလုံးသွေးကြောများနဲ့ မဆိုင်တဲ့ရောဂါများကြောင့် သေဆုံးရမှုကို (၂၄%) လျော့ကျသွားစေနိုင်တယ်လို့ ဆိုပါတယ်။ လက်ဖက်မှာ အင်တီအောက်ဆီးဒင့် (ခေါ်) ဓါတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းများပါဝင်ကာ၊ အသက်ရှင်သန်ရေးအတွက်များစွာ အထောက်အကူ ပြုစေနိုင်ကြောင်း သိရပါတယ်။ လက်ဖက်ရည်နဲ့ ကော်ဖီတို့ဟာ ယနေ့လူ့အဖွဲ့အစည်းအတွင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်နေရာ၊ လက်ဖက်ရည်နဲ့ ကော်ဖီက ရွေးချယ်သော် လက်ဖက်ရည်ကို ပိုမိုရွေးချယ် သောက်သုံးသင့်ကြောင်း အဆိုပြုသူများလည်း တိုးပွားလာနေပါတယ်။ လက်ဖက်ရည် သောက်သုံးသူများက ကော်ဖီသောက်သုံးသူများထက် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပေါ်မှုတွင် လျော့နည်းစေနိုင်တယ်လို့ ဆိုပါတယ်။ ပြင်သစ် လူမျိုးအမျိုးသားများဟာ လက်ဖက်ရည်ကို ပိုမိုသောက်သုံးကြကြောင်း တွေ့ရပါတယ်။ လက်ဖက်ရည် သောက်သုံးခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါမဟုတ်တဲ့ အခြားရောဂါများဖြစ်မှု အပေါ်သက်သာစေမှုတွင် ဆေးလိပ်သောက်သူများမှာ မသောက်သူများထက်သိသာစွာ ပိုမိုလျော့ကျတာကို တွေ့ရပါတယ်။ ဆေးလိပ်မသောက်သူ အုပ်စုအတွက် လက်ဖက်ရည်ဟာ မသိသာကြောင်း တွေ့ရပါတယ်။ လက်ဖက်ရည် သောက်သုံးခြင်းဖြင့် ကျန်းမာတဲ့လူနေမှုဘဝကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ လက်ဖက် ခူးဆွတ်ရာတွင် အညွန့်နဲ့အရွက်နု အစိတ်အပိုင်းများပါဝင်မှု အခြေအနေ၊ ခူးဆွတ်တဲ့ နည်းစနစ်နဲ့ လက်ဖက်ခြောက်ပြုလုပ်နည်းစဉ်များအရ လက်ဖက်ခြောက်များကို အမျိုးအစားများစွာ ခွဲခြားသတ်မှတ်ခေါ်ဆိုကြပါတယ်။ လက်ဖက်ရည်စိမ်းလို့ခေါ်နိုင်မည့် Green Tea ဟာ သောက်သုံးမှုများလာနေတဲ့ လက်ဖက်ရည် အမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။ လက်ဖက်ရည်စိမ်းသောက်သုံးပေးခြင်းဖြင့် အဝလွန်မှု၊ မှတ်ဉာဏ်ချို့ယွင်းလာမှု၊ အကြောများနာကျင်မှုနဲ့ အင်ဆူလင် (Insulin) အပေါ် ခံနိုင်ရည်ရှိလာမှုတို့ကို သက်သာစေနိုင်ကြောင်းသိရပါတယ်။ လက်ဖက်ရည်စိမ်းမှာ ပိုလီဖိနော (Polyphenols) အုပ်စုမှာပါဝင်တဲ့ Epigallocatechin-3-gallate (EGCG) လို့ခေါ်ကြတဲ့ Catechin ဓါတ်များစွာပါဝင်ပါတယ်။ EGCG ဓါတ်ဟာ အဆီများမှုနဲ့ ဖရပ်တို့သကြား (Fructose) ဓါတ်များမှုကြောင့် ဖြစ်လာရတဲ့ အင်ဆူလင်ကို ခံနိုင်ရည်ရှိလာစေမှုနဲ့ သိမြင်မှု ချို့ယွင်းလာစေမှုတို့ကို လျော့နည်း သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ ဒီစမ်းသပ်မှုကိုတော့ တရုပ်နိုင်ငံ၊ Yanling မှာရှိတဲ့ Northwest A&F University မှ ဒေါက်တာ Xuebo Liu နဲ့ အဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ရှေးခေတ်ကာလများမှ စတင်ကာ လက်ဖက်ရည်ကို သောက်သုံးခဲ့ကြကာ၊ ထိုရောဂါများ သက်သာလျော့နည်း လာစေရန်အတွက် လက်ဖက်ရည်စိမ်းက အကျိုးပြုပေးနိုင်တယ်လို့ ဒေါက်တာ Liu က သုံးသပ်ထားပါတယ်။ လက်ဖက်ရည် သောက်သုံးခြင်းဖြင့် အဝလွန်မှု၊ ကိုယ်အလေးချိန်များလွန်းမှုမှ သက်သာစေနိုင်ကြောင်းကို သိရှိကြပြီး ဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျော့ချစေရရန်အတွက် လက်ဖက်မှ ထုတ်ယူထားတဲ့ ဖြည့်စွက်စာ (Tea Extract Supplement) ကို စားသုံးလာကြပါတယ်။ လက်ဖက်စိမ်းမှ ထုတ်ယူထားတဲ့ ဖြည့်စွက်စာကို ပမာဏများစွာ စားသုံးခြင်းဖြင့် ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးအဖြစ် အသည်းကို အဆိပ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ သို့သော် ဖြည့်စွက်စာများကို မစားမီရက်သတ္တပတ်များစွာ ကြိုတင်ပြီး လက်ဖက်ရည်စိမ်းကို သောက်နေခဲ့ပါက အဆိပ်ဖြစ်မှုကို သက်သာလျော့နည်းစေတယ်လို့ဆိုပါတယ်။ တန်ဆေး လွန်ဆေးဆိုတဲ့ ဆိုရိုးစကားဟာ လက်ဖက်စိမ်းမှ ထုတ်ယူထားတဲ့ ဖြည့်စွက်စာများ စားသုံးမှုများလည်း သတိထားရန် အချက်ဖြစ်ပါတယ်။ လက်ဖက် စိမ်းမှ ထုတ်ယူထားတဲ့ ဖြည့်စွက်စာများကို များစွာ စားသုံးမှုအစား၊ လက်ဖက်ရည်စိမ်းကိုနေ့စဉ် သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ် အလေးချိန်ကို လျော့ကျ ထိန်းသိမ်းပေးစေနိုင်မှာ ဖြစ်ပါတယ်။ လေ့လာမှုအရ တစ်နေ့လက်ဖက်ရည် (၁၀) မှ (၂၀) ခွက်ထိသောက်သုံးသည့်တိုင် အသည်းကို အဆိပ်မဖြစ်စေနိုင်ကြောင်း သိရပါတယ်။ လူတစ်ဦးဟာ လက်ဖက်စိမ်းမှ ထုတ်ယူထားတဲ့ ဖြည့်စွက်စာပမာဏနဲ့ တူညီနိုင်တဲ့ လက်ဖက်ရည် (၁၆) ခွက်ကို တစ်ကြိမ်တည်းဖြင့် မသောက်နိုင်ကြတဲ့အတွက် အသည်းအဆိပ်မဖြစ်စေနိုင်တာဖြစ်ပါတယ်။ လက်ဖက်ရည်နဲ့ တွဲဘက်အသုံးမပြုသင့်တဲ့ ဖြည့်စွက်စာများလည်း ရှိနေတာကို စမ်းသပ်တွေ့ရှိပါတယ်။ သောက်သုံးမိပါက လက်ဖက်ရည်မှာ အဓိကပါဝင်တဲ့ အင်တီအောက်ဆီးဒင့်ဓါတ်ရဲ့ လုပ်ဆောင်မှုကို လျော့ကျသွားစေတယ်လို့ ဆိုပါတယ်။ အဓိကအားဖြင့် သံဓါတ် (Iron) ပါဝင်မှုများတဲ့ အစားအစာများ စားပြီးနောက် လက်ဖက်ရည်သောက်သော် လက်ဖက်မှာပါဝင်တဲ့ အဓိကဓါတ်များဟာ သံဓါတ်နဲ့ ပူးပေါင်းသွားပြီး၊ လက်ဖက်ရည်နဲ့ စွမ်းဆောင်ရည်ကို လျော့နည်းသွားပြီး၊ လက်ဖက်ရည်ရဲ့ စမ်းဆောင်ရည်ကို လျော့နည်းသွားစေတာဖြစ်တယ်လို့ ဆိုပါတယ်။ သံဓါတ်ပါဝင်မှုများတဲ့ အစားအစာများတွင် အမဲသားကဲ့သို့သော အနီရောင်ရှိတဲ့အသားများ၊ အစိမ်းရင့်ရောင်ရှိတဲ့ မုန်လာရွက်၊ အနောက်တိုင်း ဟင်းနုနွယ်လို့ ခေါ်နိုင်မည့် စပီးနက် (Spinch) ပင်များ စသည်တို့ ပါဝင်ပါတယ်။ သံဓါတ်ဟာလည်း ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သံဓါတ်ချို့တဲ့မှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ ရောဂါများစွာရှိနေရာ သံဓါတ်လိုအပ်မှုအရ သင့်တော်တဲ့ ဖြည့်စွက်စာများကို စားသုံးနေကြရတာ ဖြစ်ပါတယ်။ သံဓါတ်ပါဝင်တဲ့ အစားအစာများ၊ ဖြည့်စွက်စာများ စားသုံးပြီးနောက် ချက်ချင်း လက်ဖက်ရည် မသောက်သင့်ကြောင်း သိထားရန်လိုပါတယ်။ အချိန်ခြားပြီးမှသာ လက်ဖက်ရည်ကို သောက်သင့်တာဖြစ်ပါတယ်။ ပူအိုက်တဲ့ နေရာသီကာလတွင် အအေးခံထားတဲ့ လက်ဖက်ရည် (Iced Tea) သောက်သုံးမှု များလာတာကို တွေ့ရပါတယ်။ သို့သော် အအေးခံထားတဲ့ လက်ဖက်ရည်ကို သောက်ခြင်းဖြင့် ကျောက်ကပ်မှာ ကျောက်တည်လာနိုင်ပါတယ်။ အအေးခံထားတဲ့ လက်ဖက်ရည်မှာ အောက်ဇားလိပ် (Oxalate) ဓါတ်ပြင်းအားများစွာ ပါဝင်နေပါတယ်။ အောက်ဇားလိပ်ဓါတ်ဟာ ကျောက်ကပ်ကို ကျောက်တည်စေနိုင်ပြီး ဆီးလမ်းကြောင်းကို ဒုက္ခပေးနိုင်ပါတယ်။ ကျောက်ကပ် ကျောက်တည်ခြင်းရဲ့ အကြောင်းရင်းများထဲမှာ အရည်များစွာ မသောက်ခြင်းလည်း ပါဝင်ပါတယ်။ နွေရာသီမှာ ရေဓါတ်ဆုံးရှုံးမှုမှ ကာကွယ်စေနိုင်ရန် အရည်များများ သောက်သုံးကြရန် လိုပါတယ်။ လူအများစုဟာ ရေအစားကယ်လိုရီပါဝင်မှု နည်းပြီးရေထက် အရသာရှိတဲ့ အအေးခံထားတဲ့ လက်ဖက်ရည်ကို သောက်သုံးကြလေ့ ရှိကြပါတယ်။ လက်ဖက်ရည်ကြမ်းမှာလည်း အောက်ဇားလိပ်ဓါတ်ပါဝင်ပါတယ်။ သို့သော်ပူနေတဲ့ လက်ဖက်ရည်ကို ကျောက်ကပ်မှာ ကျောက်တည်နိုင်တဲ့ ပမာဏထိများစွာ သောက်သုံးလေ့မရှိကြတာကို တွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုတွင် သောက်သုံးတဲ့ လက်ဖက်ရည်ပမာဏရဲ့ (၈၅%) ဟာ အအေးခံထားတဲ့ လက်ဖက်ရည် ဖြစ်ကြောင်းသိရပါတယ်။ အမျိုးသားများက အမျိုးသမီးများထက် ကျောက်ကပ် ကျောက်တညမှု (၄) ဆခန့်ပိုတယ်လို့ ဆိုပါတယ်။ အသက် (၄၀)ကျော်လာသော် ကျောက်ကပ် ကျောက်တည်မှု ပိုဖြစ်လာစေနိုင်ကြောင်း သိရပါတယ်။ သို့အတွက် ကျောက်ကပ်ကျောက်တည် နိုင်ခြေရှိသူများအနေနဲ့ အောက်ဇားလိပ် ဓါတ်ပါဝင်မှုများတဲ့ အစားအစာများကို ရှောင်ရှားပြီး၊ အအေးခံထားတဲ့ လက်ဖက်ရည်ကို လျော့သောက်ကာ ရေကိုသာများများ သောက်သုံးသင့်ကြောင်းပါခင်ဗျား။ ဒေါက်တာစိန်လှဗိုလ် ဖူးပွင့်ဝေမဂ္ဂဇင်း အတွဲ (၂)၊ အမှတ် (၃)

see more

05/03/2024

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တစ်မျိုးဖြစ်သည့် သရက်သီးတွင် အပင်ပိုးမွှား၊ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး ဥပဒေအရ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု၌ ကန့်သတ်ထားသော သီးထိုးယင်၊ အစေ့ထိုးပိုးနှင့် အသားထိုးပိုးကျရောက်ခြင်းအား ကာကွယ်နိုင်မှသာ ပြည်ပသို့ တင်ပို့ရာတွင် အရည်အသွေး ပြည့်မီသော ဈေးကွက်ဝင် သရက်သီးများအဖြစ် ဈေးကောင်းရရှိနိုင်မည် ဖြစ်ပါသည်။ သရက်သီးထိုးယင် (Mango Fruitfly) မြန်မာနိုင်ငံ သရက်စိုက်ပျိုးမှုတွင် အများဆုံးတွေ့ရှိရသော သီးထိုးယင်မျိုးစိပ်များမှာ Oriental Fruitfly (Bactrocera Dorsalis) နှင့် Guava Fruitfly (Bactrocera Correcta) တို့ ဖြစ်ကြသည်။ သီးထိုးယင်သည် သီးကင်းစချိန်မှ ခူးဆွတ်ချိန်အထိ ကျရောက်သည်။ လောက်ကောင်သည် အသီးအတွင်းဝင်ရောက် နေထိုင်စားသောက်သောကြောင့်အသီးများ အရောက်ပျက်ခြင်း၊ ပြုကျခြင်း၊ အနာကွက်များ ဖြစ်ပေါ်ခြင်း၊ အသီးပုံပြောင်းလာခြင်းနှင့် အက်ကွဲခြင်းများ ဖြစ်ပေါ်ကာ ၎င်းအနာများမှ တစ်ဆင့် မှို၊ ဘက်တီးရီးယားများ ဝင်ရောက်ကာ အသီးများ ပုပ်စေပါသည်။ အသီးပုပ်များ အတွင်းတွင် အဖြူရောင်လောက်ကောင်ငယ်များအား တွေ့ရပါသည်။ ဘဝစက်ဝန်းမှာ ဥအဆင့်မှ အကောင်ကြီးရောက်ရန် (၁၂) ရက်မှ (၂၈) ရက် ခန့်ကြာမြင့်တက်သည်။ သီးထိုးယင်မ တစ်ကောင်သည်ဥပေါင်း (၁၂၀၀) မှ (၁၅၀၀) အထိ အုနိုင်သည်။ ယင်မသည်၎င်း၏ ဥထိုးတံဖြင့် သရက်သီးတစ်သျှူးသားအတွင်းသို့ ထိုးသွင်းကာဥများအား အုလေ့ရှိသည်။ သရက်သီးမှည့်များ တွင် ဥအုခြင်းအားပိုမိုနှစ်သက်သည်။ ဥမှထွက်ကာစ လောက်ကောင်ငယ်သည် အသီးပေါ်တွင် ခဏသာနေ၍ လောက်ကောင်ဘဝ အဆင့်(၃) ဆင့်လုံးသည် အသီးအတွင်း ဝင်ရောက်နေထိုင် စားသောက်သောကြောင့် ပျက်ဆီးမှုများသည်။ လောက်ကောင်ဘဝ (၆) ရက်မှ (၁၀) ရက်ခန့် ကြာမြင့်တက်သည်။ ရုပ်ဖုံးအား မြေကြီးအနက် (၂-၆) ပေ တွင် ပြုလုပ်က (၁၀) ရက်ခန့် အကြာတွင် အကောင်ကြီးများ အဖြစ် ထွက်လာသည်။ ယင်အကောင်ကြီးများမှာ အပူချိန်၊ ဆိုထိုင်းဆနှင့် အာဟာရရရှိမှု အပေါ်မူတည်၍ (၄) ပတ်မှ (၈) ပတ်အထိ အသက်ရှင်နေနိုင်သည်။ တစ်နှစ်လျှင် (၈) ကြိမ် မှ (၁၀ ကြိမ် အထိ မျိုးပွားနိုင်သည်။ သရက်အစေ့ထိုးပိုး (Mango Seed Weevil) Sternochetus mangiferae (F.) သရက်စေ့ထိုးပိုးနှင့် ဖျက်ဆီးမှုလက္ခဏာများ သရက်အသားထိုးပိုးနှင့် ဖျက်ဆီးမှု လက္ခဏာများ သရက်စေ့ထိုးပိုးနှင့် သရက်အသားထိုးပိုးသည် မျိုးစု (Genus) အားဖြင့် တူညီကြ၍ မျိုးစိတ် (Species) သာကွဲပြားကြသည်။ သီးကင်းစ ချိန်မှ ဆွတ်ခူးချိန်အထိ ကျရောက်တက်သည်။ ဖျက်ဆီးပုံလက္ခဏာမှာ မျက်စိဖြင့် မြင်ရန်ခက်ခဲ၍ သေးငယ်မဲနက်သော မျဉ်းကွေးပုံသဏ္ဍန် အစက်ကလေးများသော အသီးပေါ်တွင် တွေ့မြင်နိုင်သည်။ ပိုးကျထားသော အသီးသည် အတွင်းပိုင်းပုပ်၍ အစေ့ရွက်များသည် အနက်ရောင်ပြောင်းလာကာ ပုပ်သားသည်ကို တွေ့ရမည်။ အကောင်ကြီးအတွင်းမှ ထွက်လာပါက ထင်ရှားစွာ မြင်သာသည်။ ထိုအပေါက်မှ မှိုရောဂါ ဆက်လက်ကျရောက်နိုင်သည်။ အသားထိုးပိုးသည် သရက်သီးအသားများအား စားသောက်ဖျက်ဆီးသော်လည်း အစေ့အား စားသောက်ရန် ခက်ခဲသည်။ အစေ့ထိုးပိုးသည် အစေ့နုချိန်တွင် စားသောက်ဖျက်ဆီး၍ အစောပိုင်း ကျရောက်တက်သည်။ ဘဝစက်ဝန်းမှာ ဥအုပြီး (၅) ရက် မှ (၁၀) ရက်ခန့် ရက်ကြာလျှင် လောက်ကောင် ဘဝရောက်ရှိသည်။ လောက်ကောင်မှ (၂၀)ရက်မှ (၃၇) ရက်ကြာသောအခါ ရုပ်ဖုံးဖြစ်၍ ရုပ်ဖုံးသည် အသီး (သို့) အစေ့အတွင်း နေထိုင်သည်။ ရုပ်ဖုံးမှ (၇) ရက်ခန့် အကြာတွင် အကောင်ကြီးအဖြစ်ရောက်ရှိသည်။ စုစုပေါင်း ဘဝစက်ဝန်းမှာ (၄၀) မှ (၅၀) ရက်ခန့်ကြာမြင့်တက်သည်။ အကောင်ကြီးသက်တမ်းမှာ တစ်နှစ်ခန့် အသက်ရှင်နေထိုင်သည်။ ဘက်စုံကာကွယ်နှိမ်နင်းနည်းလမ်းများ (၁) သန့်ရှင်းရေးပြုလုပ်ခြင်း ရုပ်ဖုံးများမြေကြီးအတွင်းဝင်၍ ဆက်လက်နေထိုင်သဖြင့် မြေဆွခြင်း၊ မြေပြုပြင်ခြင်းများ ပြုလုပ်ပါ။ ယင်မများ ဥဆက်လက်မအုနိုင်စေရန် မြေပေါ်ရှိ အသီးကြွေ၊ အသီးပုပ်များအား အနည်းဆုံး တစ်ပေခွဲ အနက်တူး၍ မြေမြှပ်ဖျက်ဆီးပါ။ (သို့) ပလက်စတစ်အိတ်အတွင်း ပုပ်ဆွေးအောင်ထားကာမြေဆွေး အဖြစ်သုံးပါ။ တိရစ္ဆာန်အစာအဖြစ်သုံးပါ။ (သို့) ရေနံဆီထည့်ထားသော ရေထဲထည့်၍ ဖျက်ဆီးပါ။ သီးထိုးယင်များ ခိုအောင်း၍ မျိုးပွားနိုင်သောမျိုးရိုင်းပင်များ အားခုတ်ပါ။ (၂) စိုက်နည်းစနစ်ဖြင့် ကာကွယ်ခြင်း အပင်ရိုင်း၊ အပင်အိုများအား ခုတ်တွင် ရှင်လင်းပါ။ ကိုင်းကျပ်၊ ကိုင်းညှပ်များ ဖယ်ရှားပါ။ သီးထိုးယင် ခံနိုင်ရည်ရှိသောမျိုးများအား ရွေးချယ်စိုက်ပျိုးပါ။ သရက်ပန်းစတင်ပွင့်ချိန်မှ (၅၅-၆၅) ရက်အတွင်း (ကြက်ဥအရွယ်) တွင် အသီးအားအိတ်စွပ်ပါ။ ပတ်ဝန်းကျင်ရှိ အခြားလက်ခံပင်များပေါ်တွင် ဘဝစက်ဝန်း ဆက်လက်ရှင်သန်နိုင်သဖြင့် ထောပတ်၊ မာလကာ၊ သင်္ဘော၊ ကြက်ဟင်းခါး၊ ဟင်းသီးဟင်းရွက် စသည့်အပင်တို့နှင့် ရောနှောစိုက်ပျိုးခြင်းမှ ရှောင်ကြဉ်ပါ။ (၃) ဓာတုနည်းဖြင့် ကာကွယ်ခြင်း ထိသေ၊ စားသေပိုးသတ်ဆေး (သို့) မွှားသတ်ဆေး တစ်မျိုးမျိုး (ကလိုပိုင်ရီဖော့စ်၊ မာလာသီယွန်၊ အဘာမတ်တင်၊ ပိုင်ရီဒါဗင်) အားသီးကင်းစ ဝင်ချိန်တွင် ပတ်ဖျန်းပါ။ ပရိုတိန်းအဆိပ်ခဲ (Protein Bait) နှင့် မာလာသီယွန်ဆေး ၁၀% ရောစပ်ပြီး တစ်ပတ်လျှင် တစ်ကြိမ်ပတ်ဖျန်းပါ။ မီသိုင်းယူဂျီနော (Methyl Eugenol) ထောင်ချောက်များအား တစ်ဧကလျှင် (၅) ခုနှုန်းသုံး၍ သီးထိုးယင် အရေအတွက်အား ကင်းထောက်ပြီး ယင်ထီးများအားဖမ်းဆီး၍ အစုလိုက်အပြုံလိုက် ဖျက်ဆီးပါ။ အစေ့ထိုးပိုးသည် ညထွက်ပိုးကောင်ဖြစ်၍ အကောင်ဖမ်းမီးထောင်ချောက် (Ultra Voilet Light Trap) များဖြင့် ပတ်ဝန်းကျင်တွင် အစေ့ထိုးပိုးဦးရေအား ကင်းထောက်ပါ။ အပင်ခြေတွင် Furadan 3G (သို့) Fipronil အားဟင်းစားဇွန်း (၃) ဇွန်းခန့် မြေဆွ၍ အပင်ပတ်လည် ထည့်ပေးပါ။ ခူးဆွတ်ပြီးနောက် လိုက်နာဆောင်ရွက်ရမည့် အချက်များ (၁) ၁၉၉၄ ခုနှစ် USDA မှ စမ်းသပ်တွေ့ရှိချက်များအရ ရေနွေးစိမ်ခြင်း (Hot Water Treatment -HWT) သုံးမည်ဆိုပါက ရေနွေးပူကန် ၄၆ ဒီဂရီစင်တီဂရိတ်တွင် (၆၅-၉၀) မိနစ်ထားခြင်းသည် သီးထိုးယင်ဥများနှင့် လောက်ကောင်များအား သေစေနိုင်ပါသည်။ (၂) ရေနွေးငွေ့ပေးခြင်း (Vapor Heat Treatment -VHT) ပြုလုပ်ပါက ၄၃ ဒီဂရီစင်တီဂရိတ်ထဲတွင် (၆) နာရီထားခြင်းသည် သီးထိုးယင် ဥများနှင့် လောက်ကောင်များအား သေစေနိုင်ပါသည်။ (၃) အအေးပေးခြင်း (Cold Storage) အသုံးပြုရာတွင် သရက်သီးအား သုညဒီဂရီ စင်တီဂရိတ်တွင် (၁၀) ရက် (သို့ ၁.၆၆ ဒီဂရီစင်တီဂရိတ်တွင် (၁၄) ရက် (သို့) ၂.၂၂ ဒီဂရီစင်တီဂရိတ် တွင် (၁၆) ရက် အအေးခန်းထဲတွင် ထားရမည်။ (မှတ်ချက်-သရက်သီးအမျိုးအစားအပေါ်မူတည်၍ အပူချိန်အနိမ့်အမြင့် အပြောင်းအလဲရှိပါသည်။ အာရှနိုင်ငံများဖြစ်သည့် ထိုင်း နှင့် ဗီယက်နမ် စသည့်နိုင်ငံများတွင်လည်း Irradiation (ဓါတ်ရောင်ခြည်ပေးခြင်း)၊ Fumigation (ထုပ်ပိုးနောက်အဆိပ်ငွေ့ပေးခြင်း) စသည့် ကာကွယ်နှိမ်နင်းမှုများအား ပြည်ပနိုင်ငံများသို့ သစ်သီးများ တင်ပို့ရောင်းချရာတွင် ပြုလုပ်လာကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် အခြားပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချမည်ဆိုပါက ဈေးကွက်တွင် အရည်အသွေးမြင့်မားကာ ပိုးမွှားကင်းစင်သော မြန်မာ့ သရက်သီးအဖြစ် ရောင်းပန်းလှစေရန် သရက်တွင် ကျရောက် ဖျက်ဆီးတက်၍ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု၌ ကန့်သတ်ထားသောဖျက်ပိုးအား ကာကွယ်ရန် ဆောင်ရွက်ရမည့် ဘက်စုံကာကွယ်နည်းစနစ်များအား သရက်စိုက် တောင်သူများအလေးထား လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သရက်ဖျက်ပိုး ကာကွယ်နှိမ်နင်းရေးသည် တစ်ဦးတစ်ယောက်ကောင်းနှိမ်နင်းခြင်းမဟုတ်ဘဲ စုပေါင်းလုပ်ဆောင်မှသာ အောင်မြင်နိုင်မည်ဖြစ်သဖြင့် အထက် ဖော်ပြပါဘက်စုံ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများအား အကျိုးရှိစွာ စုပေါင်းဆောင်ရွက်သွားခြင်းဖြင့် သရက်စိုက် တောင်သူများဝင်ငွေ တိုးတက်နိုင်ကြပါစေရန် ရည်ရွယ်၍ ရေးသားလိုက်ရပါသည်။ ဒေါက်တာခင်ခင်မာလာမြင့် (သီးနှံကာကွယ်ရေး) ဖူးပွင့်ဝေအတွဲ (၁) အမှတ် (၈) ၂၀၁၆

see more

© 2023 MFVP. All Rights Reserved