|

မြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်

စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း

အကောင့်၀င့်ရန်
မေးလေ့ရှိသောမေးခွန်းများ

ဩဂဲနစ်ပစ္စည်းဆိုသည်မှာ သတ္တဝါတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ စွန့်ပစ်အညစ်အကြေးများ သဘာဝအလျောက် ပေါက်ရောက်သော အပင်များ၏ရုပ်ကြွင်းများ (ကြွေကျသောအပင်အစိတ်အပိုင်းများ၊ သီးနှံပင် အကြွင်းအကျန်များ)၊ အဏုဇီဝသက်ရှိများ၏ စွန့်ပစ်အညစ်အကြေးများ၊ ခန္ဒာကိုယ်အစိတ်အပိုင်းများ အားလုံးကိုဆိုလိုပါသည်။ အထူးသဖြင့် သီးနှံပင်များ ရိတ်သိမ်းအပြီး အပင်အကြွင်းအကျန်အချို့သည် မြေဆီလွှာတွင် ကျန်ရစ်ခဲ့ပြီး မြေတွင်းရှိသက်ရှိအဏုဇီဝများက ဆွေးမြေ့စေရန် ချေဖျက်ပေးခြင်းဖြင့် မြေဆီလွှာအတွင်း မြေသားဖွဲ့စည်းရန်အတွက် ဩဂဲနစ်ပစ္စည်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့အပြင် တိရိစ္ဆာန်တို့၏ အညစ်အကြေးများ (ကြက်ချေး၊ ဝက်ချေး၊ နွားချေး စသည်တို့) မှာလည်း ဩဂဲနစ်ပစ္စညးများ ဖြစ်ကြပါသည်။ ဩဂဲနစ်ပစ္စည်းသည် စိုက်ပျိုးမြေတစ်ခုတွင် မရှိမဖြစ်ပါဝင်သင့်သော ပစ္စည်းတစ်မျိုးဖြစ်ပြီး ပါဝင်မှုရာခိုင်နှုန်းမှာ အကြမ်းအားဖြင့် (၅%) ခန့်ရှိရန် လိုအပ်ပါသည်။ ထို့ကြောင့် ဩဂဲနစ်ဆိုသည်မှာ ဓါတုပစ္စည်း (ဒြပ်စင်) အဖြစ်မပြိုကွဲသေးသော သက်ရှိတို့၏ အကြွင်းအကျန်ပစ္စည်း အစုအဝေး (မော်လီကျူး အစုအဝေး) ကို ဆိုလိုပေသည်။ (ဩဂဲနစ်ဆိုသောစကားကို ဘာသာရပ်အလိုက် အဓိပ္ပာယ်ဖွင့်ဆိုချက် အမျိုးမျိုး၊ နာမည်တူအမျိုးမျိုးရျိသော်လည်း စိုက်ပျိုးရေးသမားတစ်ယောက်အနေဖြင့် ဤမျှလောက်သိထားလျှင်လုံလောက်ပါသည်။

ဩဂဲနစ်စိုက်ပျိုးရေး ဆိုသည်မှာ သက်ရှိတို့၏ဂေဟစနစ် (Ecosystem) ကို ညီမျှကောင်းမွန်နေစေရန် ထိန်းသိမ်းစောင့်ရှောက်လျက် သီးနှံများကို စိုက်ပျိုးထုတ်လုပ်သော လုပ်ငန်းဖြစ်သည်ဟု ဆိုပါသည်။ ၎င်းစိုက်ပျိုးရေးလုပ်ငန်းသည် ဇီဝမျိုးစုံ ကြွယ်ဝစွာတည်ရှိမှု မှီတင်းနေထိုင်ကြသော သက်ရှိတို့၏ စွမ်းရည် (Soil Biological Activities) ကို ပိုမိုကောင်းမွန်အောင်အားပေးနေရမည်ဖြစ်သည်။ မြေဆီလွှာကို မြေဩဇာထက်သန်ကောင်းမွန်ရန် အရည်အသွေးကောင်းရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရန် (Sustainability) နည်းလမ်းမျိုးစုံသုံး၍ ထိန်းသိမ်းပေးနေရပါမည်။ ထို့ကြောင့် လူတို့ဖန်တီး ထုတ်လုပ်ထားသော ဓါတုဆေးများ (Synthetic Agents or Agro-Chemicals) မှာ ဂေဟစနစ်ကို ထိခိုက်စေသောကြောင့် ဩဂဲနစ် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံးဝမသုံးရပါ။ ထိုသို့ ဂေဟစနစ်ကို ထိန်းသိမ်း ဆောင်ရွက်နိုင်ရန် အဆင့်မြင့်နည်းပညာ များစွာ လိုအပ်သောကြောင့် ဩဂဲနစ်စိုက်ပျိုးရေးသည် အဆင့်မြင့်နည်းပညာတစ်ခုဖြစ်သည် ဟုဆိုရပေမည်။ ထို့ကြောင့် ဩဂဲနစ်စိုက်ပျိုးရေးကို သဘာဝနည်းသက်သက်ဖြင့် စိုက်ပျိုးသော ရှေးရိုးဆန်သော စိုက်ပျိုးရေးဟုထင်လျှင် အလွန်မှားယွင်းသော အယူအဆ ဖြစ်ပြီး ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးစသည့် ဓါတုပစ္စည်းများသုံးစွဲခြင်းမပြုဘဲ စိုက်ပျိုးရုံဖြင့် ဩဂဲနစ်စိုက်ပျိုးရေးမဖြစ် သေးသည်ကိုလည်း သိရှိနားလည်ထားရန် လိုပါသည်။ ဩဂဲနစ်တောင်သူတစ်ယောက်အနေဖြင့် ဩဂဲနစ်တောင်သူများ လိုက်နာရမည့်အချက်များကို သေချာစွာ လိုက်နာဆောင်ရွက်လျှင် မိမိစိုက်ခင်း၏ ဂေဟစနစ် (Ecosystem) နှင့် ဇီဝမျိုးစုံ ကြွယ်ဝစွာတည်ရှိမှု (Biodiversity) များအလိုလိုကောင်းလာမည်ဖြစ်သဖြင့် တောင်သူများအနေဖြင့် ထိုဘာသာရပ်များကို ကောင်းစွာနားမလည်သော်လည်း ဩဂဲနစ်စိုက်ပျိုးရေးကို အလွယ်တကူလုပ်၍ရပါသည်။

(၁) သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နိုင်ခြင်း (၂) ဂေဟစနစ်ကို ညီညွတ်မျှတစေခြင်း (၃) ဓါတုဆေးများ၏ ဓါတ်ကြွင်းအာနိသင်ကို လျော့ချနိုင်သည့်အတွက် လူတို့၏ ကျန်းမာရေးများ ပိုမိုကောင်းမွန်လာခြင်း (၄) မြေဆီလွှာကို စနစ်တကျပြုပြင်ပေးခြင်း (၅) အပင်များအာဟာရကို မျှတစွာစုပ်ယူစာသုံးခြင်းဖြင့် ကြံ့ခိုင်ကျန်းမာကာ ပိုးမွှား၊ ရောဂါဒဏ်ခံနိုင်ရည်ရှိလာခြင်း (၆) ပြင်းထန်သော ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိခြင်း (၇) သီးနှံများ၏ အရည်အသွေး ပိုမိုကောင်းမွန်လာခြင်း (၈) စားသုံးသီးနှံများ ဘေးန္တရာယ်ကင်း အာဟာရဓါတ်ပိုမိုပါဝင်ခြင်း (၉) အရည်အသွေးကောင်း၍ ကျန်းမာရေးကို အာမခံပေးနိုင်သဖြင့် ဈေးကောင်းရခြင်း

ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို မဆင်မချင် သုံးစွဲ၍ စိုက်ပျိုးထုတ်လုပ်လာကြသော လေထု၊ ရေထုနှင့် မြေဆီလွှာကို ညစ်ညမ်းစေပြီး လူ့ကျန်းမာရေးကိုသာမက သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်စေသည်။ ဓါတုပစ္စည်းများ လယ်ကွင်းအတွင်း ပက်ဖျန်းခြင်းဖြင့် ၎င်းတို့်သည် လယ်ကွင်းအတွင်းရေမှတစ်ဆင့် ဆည်မြောင်းများ ချောင်းမျာသို့စီးဝင်ကာ ရေနေသတ္တဝါများကို သေကြေစေခြင်း၊ ယင်းရေကို သောက်သုံး အသုံးပြုကြသည့် ဒေသခံပြည်သူများ၏ ကျန်းမာရေးကိုပါ ထိခိုက်စေခြင်းတို့ဖြစ်စေပါသည်။ သဘာဝပတ်ဝန်းကျင်တွင် ကျန်ရှိသော ဓါတုဓါတ်ကြွင်းများအနေဖြင့် အသီးအနှံ၊ အရွက်အပင်များတွင် တည်ရှိကာ ယင်းတို့ကို စာသုံးကြသော အဆင့်ဆင့်သော သတ္တဝါများ ခန္ဓာကိုယ်တွင်းတွင် ဓါတုဓါတ်ကြွင်း ပမာဏများပြား လာစေသည်။ ယင်းဓါတ်ကြွင်းများသည် သတ္တဝါတို့၏ ခန္ဓာကိုယ်အတွင်းတွင် ဘယ်တော့မှပျောက် ဆုံးမသွားဘဲ တဖြေးဖြေးစုဆောင်းများပြားလာကာ အနည်းမျှသောဓါတ်ကြွင်း ပမာဏသည် ၎င်းသတ္တဝါကို ရောဂါအမျိုးမျိုးဖြစ်စေပြီး နောက်ဆုံးတွင် ကင်ဆာကဲ့သို့သော ရောဂါကြီးများဖြစ်ပြီး သေစေနိုင်သည်အထိ ဖြစ်စေနိုင်သည်။ သာမာန်လူတစ်ယောက်အနေဖြင့် ခန္ဓာကိုယ်တွင် ဓါတ်ကြွင်းများ စုဆောင်းများပြားလာနေသည်ကို မသိရှိနိုင်ပါ။ အန္တရာယ်ဖြစ်စေနိုင်သော အဆင့်ထိရောက်မှ ရောဂါလက္ခဏာ စပြပါသည်။ ဓါတုပိုးသတ်ဆေးများကို နှစ်စဉ်သုံးစွဲနေကြသဖြင့် ယင်းဒေသရှိ သဘာဝဂေဟစနစ်ကို ထိခိုက်စေနိုင်သည်။ ယင်းဆေးများသည် ပိုးမွှားများကိုသာမက ယင်းပိုးမွှားများကို စားသုံးနေကြသောငှက်များ၊ နို့တိုက်သတ္တဝါများနှင့် ငါးများကို သေစေနိုင်သည်။ ယင်းအတွက်ကြောင့် အချို့သော သတ္တဝါများမှာ မျိုးတုံမည့် အခြေအနေသို့ တိုင်ဖြစ်နေသည်။ ထို့အပြင် ပိုးသတ်ဆေးများကို နှစ်စဉ်သုံးစွဲခြင်းကြောင့် အင်းဆက်ပိုးများမှာလည်း ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိသောမျိုးများအဖြစ် ယင်းတို့၏ အသက်ရှင်ရပ်တည်ရေးအတွက် ဆက်လက်ဖြစ်ပေါ်လာသည်။ ယင်းအတွက်ကြောင့် ပိုးသတ်ဆေးထုတ်လုပပ်သော ကုမ္ပဏီများအနေဖြင့် ပိုမိုအစွမ်းထက်သော ပိုမိုအဆိပ်အတောက်ပြင်းသော ဆေးများကို ဈေးကွက်အတွင်းသို့ ဆက်လက်ထုတ်လုပ်ရောင်းချ ကြရပန်သည်။ အဆိပ်အတောက်ပို၍ ပြင်းလေလူနှင့်သတ္တဝါတို့အတွက် ဘေးထွက်ဆိုးကျိုးပိုများလေဖြစ်သည်။ အဆိုပါ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ‌ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ဖြစ်သည့် ဩဂဲနစ်စိုက်ပျိုးရေးစနစ် လိုအပ်လာပြီဖြစ်ပါသည်။ ဓါတုနည်းတစ်မျိုးထဲကိုသာ နှစ်စဉ် ဆက်တိုက်အသုံးပြု စိုက်ပျိုးကြလျှင် နှစ်မျာစွာကြာလာလျှင် စိုက်ပျိုးမြေအားလုံးပျက်စီးပြီး သဲကန္တာရအထိ ဖြစ်သွားနိုင်ကြောင်း သုတေသနတွေ့ရှိချက်များ တွေ့လာသောကြောင့် ကမ္ဘာကြီးကို ကယ်တင်ရန် ဩဂဲနစ် စိုက်ပျိုးရေးစနစ် ပေါ်လာရခြင်းဖြစ်သည်။ ထို့ကြောင့် ဩဂဲနစ်စိုက်ပျိုးရေးစနစ်သည် လူသားအားလုံးအတွက် အရေးကြီးပါသည်။

ဩဂဲနစ်စိုက်ပျိုးရေးတွင် သဘာဝမြေဩဇာများ၊ ဩဂဲနစ်မြေဩဇာများ၊ ဇီဝမြေဩဇာများ၊ တွင်းထွက် သတ္တုမြေဩဇာများ (Mineral Fertilizers) စသည့် ဓါတုမဟုတ်သော မြေဩဇာများသုံးနိုင်ပါသည်။ သက်ဆိုင်ရာမြေဩဇာများ၏ လမ်းညွှန်ချက်များအတိုင်း တိတိကျကျ လိုက်နာ သုံးစွဲရန် လိုပါသည်။

အရေးအကြီးဆုံးမှာ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုလုံးနှင့် စိုက်ပျိုးထုတ်ကုန်များသည် လူသားများ၏ ကျန်းမာရေးမထိခိုက်စေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရန် သတိထားလုပ်ဆောင်ရန်ဖြစ်သည်။

အသုံးပြုနိုင်ပါသည်။ ကောင်းစွာဆွေးမြေ့အောင်ပြုလုပ်ပြီးမှ အသုံးပြုရပါမည်။

ဩဂဲနစ် စိုက်ပျိုးရေးမှာ ပိုးမွှားရောဂါများကို လျှင်မြန်ထိရောက်စွာ နှိမ်နင်းပေးနိုင်သော ဓါတုဆေးများကိုမသုံးရပါ။ လူနှင့် ပတ်ဝန်းကျင်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်တာကြောင့်ဖြစ်ပါသည်။ ဩဂဲနစ်ဆေးများသည် လူနှင့် ပတ်ဝန်းကျင်ကို မထိခိုက်အောင် အဓိကထားပေါ်စပ်ရတာကြောင့် ပိုးမွှားရောဂါများကိုလည်း တဖြေးဖြးလျော့နည်းပျောက်ဆုံးအောင်သာ လုပ်နိုင်ပါသည်။ ချက်ချင်းအာနိသင်မပြနိုင်ပါ။ ထို့ကြောင့် ဩဂဲနစ်စိုက်ပျိုးရေးတွင် ပိုးမွှားရောဂါနှိမ်နင်းရာတွင်- (၁) ကြိုတင်ကာကွယ်သောစနစ်ကိုသာ အဓိက လုပ်ဆောင်ရပါမည်။ (၂) သို့မဟုတ် သတိထားစောင့်ကြည့်ပြီး ပိုမွှားစတင်ကျရောက်စဉ်ကတည်းက လက်ဦးမှု ရယူနှိမ်နင်းရပါမည်။ (၃) ဘက်စုံကာကွယ်နှိမ်နင်းသောစနစ် (Integrated Management/ IPM, IDM) ကို သုံးရပါမည်။ (၄) ပတ်ဝန်းကျင်ကို ရောဂါ အားမပေးသော အခြေအနေဖြစ်အောင်ဖန်တီးထားပါ။ ဥပမာ- အစိုဓါတ်များလျှင်ဖြစ်တက်သော ရောဂါဆိုလျှင် ရေဖြတ်ထားပါ။ ရေခြောက်လျှင်ဖြစ်တက်သော ရောဂါဆိုလျှင် ရေသွင်းထားပါ။ (၅) မိမိအပင်ကို ကျန်းမာသန်စွမ်းနေအောင် အမြဲသတိထားပေးပါ။ ဥပမာ - နိုက်ထရိုဂျင်များသော အစာများဖိမကြွေးဘဲ အာဟာရမျှတအောင်လုပ်ပါ။ ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပါ။ ကျန်းမာသန်စွမ်းသောပျိုးပင်/ မျိုးကောင်းမျိုးသန့်များ ရွေးစိုက်ပါ။ (၆)နောက်ဆုံးမဖြစ်မှသာ ဩဂဲနစ်ဆေးများကို ရောဂါဆေးမှန်အောင် စီစစ်၍ စနစ်တကျဖျန်းပေးပါ။

ဩဂဲနစ်စိုက်ပျိုးရေးတွင် ပေါင်းမြက်များကို မလိုအပ်ဘဲ အပြောင်ရှင်းသောစနစ်မလုပ်ရပါ။ သီးနှံပင်မထိခိုက်ရုံသာလုပါ။ အဓိက လူအား စက်အားဖြင့်သာလုပ်ရပါသည်။ ပေါင်းသတ်ဆေး မသုံးရပါ။ အီးအမ်ဖြင့် ပေါင်းနှိမ်နင်းသော စနစ်သည်လည်း အလွန်ကောင်းပါသည်။

ဩဂဲနစ်စိုက်ပျိုးရေးတွင် GMO မျိုးများကို လုံးဝသုံးမရပါ။ အကြောင်းမှာ GMO များတွင် လူနှင့် သဘာဝပတ်ဝန်းကျင်ကို လုံးဝထိခိုက်မှုမရှိပါ။ ၁၀၀ % အာမခံနိုင်သည်ဆိုသောမျိုးမရှိပါ။ GMO ၏ သဘောသဘာဝအရ မည်သည့်ပညာရှင်ကမှ ထိုသို့အာမခံချက်မပေးနိုင်ပါ။ စိုက်ခင်းတစ်ခု/ သီးနှံတစ်ခုသည် လူနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်သည်ဟု သံသယရှိလျှင်ပင် ထိုစိုက်ခင်း/သီးနှံကို ဩဂဲနစ်လက်မှတ်ပေးမရပါ။ ထို့ကြောင့် ဩဂဲနစ်စနစ်တွင် GMO ကိုလက်မခံပါ။

နှစ်ပေါင်းမျာစွာ ဓါတုဆေးအလွန်အကျွံ သုံးစွဲထားသော အခင်းကို အခုမှ ဩဂဲနစ်စနစ် ပြောင်းလျှင် သဘောသဘာဝမှာ ဆန့်ကျင်ဘက်များဖြစ်နေသောကြောင့် အထွက်နှုန်းလျော့သွားနိုင်ပါသည်။ တစ်ဆင့်ချင်း လျော့ချလုပ်ဆောင်လျှင် အထွက်နှုန်း မလျော့ကျအောင် လုပ်ဆောင်၍ရနိုင်ပါသည်။ အခုမှစတင်စိုက်သော စိုက်ခင်းတစ်ခု သို့မဟုတ် ဓါတုဆေးမသုံးဘဲ စိုက်ပျိုးနေသော စိုက်ခင်းတစ်ခုကို ဩဂဲနစ်နည်းသုံးပါက အထွက်နှုန်းပိုတိုးမည်သာဖြစ်ပါသည်။ အရှိန်နဲ့ပြေးနေသော ကားတစ်စီးကို ရုတ်တရက် ဂီယာကြီးပြောင်းလျှင် မှောက်တက်တဲ့ သဘောပါပဲ။ တစ်ဆင့်ချင်း လုပ်ယူလျှင်တော့ အန္တရာယ်မရှိပါ။ ဩဂဲနစ်မှာလည်း ဒီသဘောပါဘဲ။ မိမိဉာဏ်နှင့် ဆင်ချင်ပြီးသတိထားလုပ်ဆောင်ပါ။

ဩဂဲနစ်စိုက်ပျိုးရေးသည် တောင်သူများအတွက် ကုန်ကျစရိတ်သက်သာစေသော စိုက်ပျိုးရေးနည်းစနစ်တစ်ခုပါ။ သို့သော် ဓါတုစိုက်ခင်း၏အထွက်ကို မှီအောင် ကျော်အောင် ယနေ့ထွက်ရှိနေသော ဈေးကြီးသော ခေတ်မှီ ဩဂဲနစ်ဆေးများ (ဇီဝနည်းပညာသုံးဆေးများ) ကိုသုံး၍ စိုက်ပျိုးလျှင် ဓါတုအထွက်ကို မှီနိုင်ကျော်နိုင်သော်လည်း ကုန်ကျစရိတ်မှာ ဓါတုစိုက်ခင်းထက်ပိုသွားနိုင်ပါသည်။

ဩဂဲနစ်စိုက်ပျိုးရေးသည် တိရိစ္ဆာန်မွေးမြူရေး နှင့် ငါးမွေးမြူရေး နှစ်မျိုးစလုံးတွင် အကျုံးဝင်ပါသည်။

ဩဂဲနစ်စိုက်ပျိုးရေးသည် သဘာဝဂေဟစနစ် (Ecosystem) နှင့် ဇီဝမျိုးစုံကြွယ်ဝမှု (biodiversity) ကို ကောင်းအောင် လုပ်၍ စိုက်ပျိုးရသဖြင့် ရာသီဥတု ပြောင်းလဲမှုကို များစွာကွာကွယ်ပေးနိုင်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း များစွာအထောက်အကူဖြစ်စေပါသည်။ ထိုလုပ်ငန်းများပြီးမြောက် အောင်မြင်အောင် ဩဂဲနစ် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း လုပ်ပေးရမှာဖြစ်ပါသည်။

ယနေ့ခေတ်ဩဂဲနစ် စိုက်ပျိုးရေးမှာ ယခင်က ဆောင်ရွက်ခဲ့သော ဓါတုမြေဩဇာများမသုံးသည့် သဘာဝစိုက်ပျိုးရေးစနစ်နှင့် ဆင်တူသော်လည်း နည်းပညာအဆင့်အတန်း ယခင်ထက် များစွာမြင့်မားသည်ကို သိရှိနားလည်ရန် လိုအပ်ပါသည်။ (၁) ဓါတုဗေဒနည်းဖြင့် ဖန်တီးထုတ်လုပ်ထားသော မြေဩဇာများ၊ ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ အပင်အားဆေးများ၊ ဟော်မုန်းများနှင့် ပဋိဇီဝဆေးများ (Antibiotics) ကို လုံးဝသုံးစွဲခြင်း မပြုရပါ။ (၂) သဘာဝသွင်းအားစုများကို အထိရောက်ဆုံးအသုံးချ၍ အနည်းဆုံးထည့်သွင်းခြင်းဖြင့် အကျိုးအမြတ် အများဆုံးရရှိအောင် ဆောင်ရွက်ရမည်။ (၃) မြေဆီလွှာကို မြေဩဇာထက်သန်ကောင်းမွန်၍ ရောဂါနှင့် ပိုးမွှားများခိုအောင်းခြင်းမပြုနိုင်စေရန် ကြိုတင် စီစဉ်ဆောင်ရွက်ထားရမည်။ (၄) ပေါင်းမြက်နှင့်ရောဂါပိုးမွှားတို့ကို ကြိုတင်ကာကွယ်ခြင်း စနစ်ဖြင့် စီမံဆောင်ရွက်ထားရမည်ဖြစ်ပြီး တက်နိုင်သရွေ့ လူအားဖြင့် ဖယ်ရှားရှင်းလင်းပေးခြင်း၊ သီးလှည့်စိုက်ခြင်း တို့ဖြင့် လျော့နည်းသက်သာအောင် ဆောင်ရွက်ရပါမည်။ (၅) ဇီဝမျိုးစကြွယ်ဝအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ရေနှင့် မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများ (Soil and Water Conservation) ဆောင်ရွက်ပေးခြင်းနှင့် သဘာဝ ဂေဟစနစ်ညီမျှအောင် ဆောင်ရွက်ပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးရမှာ ဖြစ်ပါသည်။ ဩဂဲနစ်တောင်သူများ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆောင်ရွက်ပါက ဤ လုပ်ငန်းများအားလုံး အလိုလိုပြီးမြောက်ပါသည်။

MFVP ဩဂဲနစ် စံချိန်စံညွှန်းသည် နိုင်ငံတကာအသိအမှတ်ပြု IFOAM စံနှုန်းနှင့် ASEAN စံနှုန်းတို့ကို လိုက်နာသော စံနှုန်းတစ်ခုဖြစ်ပါသည်။ ကြည့်ရှုရန်

MFVP ဩဂဲနစ် စံချိန်စံညွှန်းသည် နိုင်ငံတကာအဆင့်မှီ IFOAM နှင့် အာဆီယံ စံချိန်စံညွန်းများကို ကျင့်သုံးသော စံချိန်စံညွှန်းတစ်ခု၍ ဩဂဲနစ် လက်မှတ်လျှာက်ထားခြင်း လုပ်ငန်းစဉ်များသည် စေ့စပ်တိကျပြီး ရိုးရှင်း၍ ပွင့်လင်းမြင်သာမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုကို ဖော်ဆောင်ပါသည်။ ဩဂဲနစ် လက်မှတ်ရရှိရန် လျှောက်လွှာတ်ခြင်းမှစ၍ လက်မှတ်ရရှိသည်အထိ လုပ်ငန်းစဉ် (၇) ဆင့်ရှိပါသည်။ လုပ်ငန်းစဉ်များမှာ ကြည့်ရှုရန်

သင်သည် ဩဂဲနစ် လက်မှတ်လျှောက်ထားရန် ရည်ရွယ်ထားသည်ဖြစ်၍ ဩဂဲနစ်နည်းပညာ အကြောင်းကို ထိုက်သင့်သလောက် နားလည်သဘောပေါက် ထားရမည်ဖြစ်သည်။ ခြံ၏ နေ့စဉ် ဆောင်ရွက်မှု ဖြစ်သည့် မြေဩဇာသုံးစွဲမှု စာရင်းမှတ်တမ်း၊ ကုန်ပစ္စည်း အထုတ်အသွင်း စာရင်းမှတ်တမ်း စသည့် စာရင်းဇယားမှတ်တမ်းပြုစုသည့် အလေ့အကျင့်ကို ပြုလုပ်ထားရမည်။ စိုက်ခင်းမှတ်တမ်း (Field Record) ကို စိုက်ကွင်းတွင်ထားရှိ၍ ပုံမှန်ရေးသွင်း၍ မှတ်တမ်းထားရှိရမည်။ စိုက်ခင်းမှတ်တမ်းဆိုသည်မှာ သင့်စိုက်ခင်းတွင်အသုံးပြုထားသော - မျိုးစေ့/မျိုးကိုင်း အမျိုးအစား၊ ရယူသည့်အရင်းအမြစ် မြေပြင်ပုံနှင့် ၎င်းမြေ၏လွန်ခဲ့သော (၅)နှစ်မှတ်တမ်း သီးနှံပုံစံ(Cropping Pattern)နှင့်စိုက်ပျိုးသည့်ရက် မြေဩဇာအသုံးပြုပုံ ပိုးသတ်ဆေးအသုံးပြုပုံ မှိုသတ်ဆေးအသုံးပြုပုံ ရေ အသုံးပြုပုံ ရိတ်သိမ်းရက်စွဲနှင့် ရိတ်သိမ်းပုံနည်းစနစ် ထွက်ရှိသည့်ကုန်ပစ္စည်းနှင့်ရောင်းချမှုမှတ်တမ်း ထုတ်ပိုးသိုလှောင်ပုံနှင့်ရောင်းချမှုမှတ်တမ်း ထူးခြားဖြစ်စဉ်များ စသည်တို့ကို စနစ်တကျ ထားရှိ ပြင်ဆင်ထားရန် လိုအပ်ပါသည်။ ခြံ၏ မြေ၊ ရေ နမူနာများကို စစ်ဆေးရန်လိုအပ်ပါသည်။ သင်သည် ဩဂဲနစ် လက်မှတ်လျှောက်ထားရန် ရည်ရွယ်ထားသည်ဖြစ်၍ သင်၏ခြံသည် ဩဂဲနစ်လေ့အကျင့်ကို အနည်းဆုံး (၁) နှစ် ကူးပြောင်းကျင့်သုံးပြီး ဖြစ်ရပါမည်။

ဩဂဲနစ် လက်မှတ်လျှောက်ထားရန် ခြံပိုင်ရှင်မှ Certificate ကြေး၊ စစ်ဆေးရေးမှူးများ လာရောက်သည့် ခရီးစရိတ် နှင့် တည်းခိုစရိတ် တို့ကို ကုန်ကျမည်ဖြစ်ပါသည်။ Certificate ကြေး - ၁၀၀,၀၀၀ ကျပ် မှ ၅၀၀,၀၀၀ ကျပ် (သင့်ခြံ၏ စိုက်ပျိုးမြေအကျယ်အဝန်း နှင့် ထွက်ကုန်အပေါ်မူတည်ပါသည်။)
© 2023 MFVP. All Rights Reserved